တာချီလိတ်မြို့ရှိ ဂေါက်ကွင်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည့် Golf Caddy (၃၀)နီးပါးကို အသက်(၄၅)ပြည့်သွား၍ ဟုဆိုကာ ဦးအောင်မျိုးမင်းဒင်၏ လုပ်ငန်းစုက အလုပ်ကနေ ထုတ်ပယ်

တာချီလိတ်မြို့ရှိ ဂေါက်ကွင်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည့် Golf Caddy (၃၀)နီးပါးကို အသက်(၄၅)ပြည့်သွား၍ ဟုဆိုကာ ဦးအောင်မျိုးမင်းဒင်၏ လုပ်ငန်းစုက အလုပ်ကနေ ထုတ်ပယ်
စက်တင်ဘာ 3, 2023 | ရှမ်းရှေ့

တာချီလိတ်မြို့ရှိ ဂေါက်ကွင်းတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည့် Golf Caddy (၃၀)နီးပါးကို အသက်(၄၅)ပြည့်သွား၍ ဟုဆိုကာ ဦးအောင်မျိုးမင်းဒင်၏ လုပ်ငန်းစုက အလုပ်ကနေ ထုတ်ပယ် 

https://www.youtube.com/TachileikNewsAgency/?sub_confirmation=1

* * * *  *

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရီဂျီးနားဂေါက်ကွင်းအား စစ်တပ်၏ အာဏာဖြင့် လုပ်ကိုင်ခွင့်ရထားသည့် ဦးအောင်မျိုးမင်းဒင် ပိုင် Amazing Holidays Hotels & Resorts လုပ်ငန်းစုက ဂေါက်ကွင်းအား "မဟာရွှေတြိဂံ ဂေါက်ကလပ်"ဟု အမည်ပြောင်းကာ လုပ်ကိုင်ပြီးနောက် နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့သည့်  Golf Caddy ဝန်ထမ်း (၃၀)နီးပါးကို အသက်(၄၅)နှစ်အထက်ကျော်သွား၍ ဟုဆိုကာ မည်သည့်ခံစားခွင့်မှ မပေးဘဲ အလုပ်ကနေ ထုတ်ပယ်လိုက်သည့်အတွက် ၎င်းတို့အား အမှီပြုနေသည့် အိမ်ထောင်စုစာရင်းဝင် (၁၀၀)ဝန်းကျင်၏ စားဝတ်နေရေးနှင့်နေထိုင်ရေးအတွက် များစွာ အခက်တွေ့နေကြောင်း သိရသည်။



"အခုမှ အသက်(၄၅) မို့ အသက်ကြီးတယ် ထုတ်ပယ်မယ်ဆိုပြီး လုပ်လာတာ။ ကိုယ့်နိုင်ငံသားမဟုတ်တဲ့ အရင် ထိုင်းလုပ်ငန်းရှင် လက်ထက်တုန်းကဆိုရင် ဒီလိုမဟုတ်ဘူး။ အခုလို ဖြစ်လာတော့ နှစ်ပေါင်းတော်တော်ကြာကြာ ဒီအလုပ်ပဲ လုပ်လာခဲ့တဲ့သူတွေအဖို့ တကယ်ကို တုန်လှုပ်မိတယ်။ စားဝတ်နေရေးလည်း ပူပန်နေရပြီ အခုလက်ရှိကို အလုပ်လက်မဲ့ ဖြစ်နေရပြီ။ အဲ့ဒီအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အရင်ထိုင်းလုပ်ငန်းရှင်တွေ လက်ထက်တုန်းက အသက်အရွယ်ကို အဓိက မထားဘူး အလုပ် လုပ်နိုင်စွမ်းကို ပိုအလေးထားတာ။  ဘယ်သူဖြစ်ဖြစ် အလုပ် လုပ်နိုင်ရင် ရတယ်။  ကလေးတွေရဲ့ စားဝတ်နေရေးတွေလည်းရှိနေတော့ ဒီအလုပ်က ထွက်ရရင် ခု နေတဲ့နေရာကနေပါ ဖယ်ပေးရမှာ။ အဲ့ဒါကြောင့် ဒီအလုပ်မှာပဲ ဆက်လက် လုပ်ကိုင်ခွင့်ရချင်တယ်"ဟု နှစ်ပေါင်းကြာရှည်စွာ  Golf Caddy အဖြစ် လုပ်ကိုင်လာခဲ့သူ တစ်ဦးက Tachileik News Agency သို့  ၂၀၂၃ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။ 



Golf Caddy များကို ထုတ်ပယ်ခြင်းနှင့် ပတ်သက်၍ "(၄၅)နှစ်ပြည့်ပြီးသော ကယ်ဒီ စုစုပေါင်း (၂၇)ယောက်အား ၃၁.၈.၂၀၂၃ တွင် တရားဝင် အနားယူခွင့်ပေးလိုက်သည်။"ဟု မန်နေဂျာဖြစ်သူ မြင့်သိန်းဦး ဆိုသူက Golf Caddyများကို အမိန့်သဖွယ် စာပေးပို့ ပြောဆိုထားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Golf Caddy များနှင့် တရင်းတနှီး အကျွမ်းတဝင်ရှိထားသူ ဂေါက်ဖာ တစ်ဦးကလည်း ထုတ်ပယ်ထားသူများကို ပြန်ခန့်စေချင်သည့် စေတနာစကားဆိုသည်။

"ကျွန်တော်တို့ အနေနဲ့ကတော့ အသက်ကြီးပေမဲ့လည်း တော်တဲ့လူကိုတော့ ပြန်ခန့်စေချင်ပါတယ်။"ဟု တာချီလိတ်မြို့မှ မြို့ခံ ဂေါက်ဖာတစ်ဦးက ထောက်ပြပြောဆိုသည်။

လက်ရှိ "မဟာရွှေတြိဂံ ဂေါက်ကလပ်"တွင် တာဝန်ယူထားသူ မန်နေဂျာဆိုသူများနှင့် ပတ်သက်၍လည်း ၎င်းတို့၏ အထက်ဖား အောက်ဖိ အကျင့်စရိုက်ဆိုးများနှင့် ပတ်သက်၍ မြင်တွေ့ရမှုများ အပါအဝင် ဂေါက်ရိုက်ရသည်မှာယခင်နှင့်မတူတော့သည့် အကြောင်းများကို ဝါရင့် ဂေါက်သီးရိုက်ကစားသမားတစ်ဦးက ပြောပြသည်။

"အခု မန်နေဂျာတွေ လက်ထက်မှာ ပြောလို့ဆိုလို့ မကောင်းတော့ဘူး။ ဂေါက်ဖာတွေအနေနဲ့ တစ်ကျင်း နှစ်ကျင်းရိုက်ပြီးလို့ မိုးရွာလာရင် (၉)ကျင်းစာ ပေးရတယ်။ ထိုင်းဘက်မှာဆိုရင် အဲ့လို ကြုံလာရင် (၉)ကျင်းစာဖိုး မဖြတ်ခိုင်းဘူး။ အဲ့ဒါကြောင့် မိုးတွင်းဆိုရင် သိပ်ပြီး သွားမရိုက်ဖြစ်တာ များကြတယ်။ နောက်ပြီး ကလပ်မန်နေဂျာရော၊ ကွင်းမန်နေဂျာရော တစ်ယောက်မှ မကောင်းဘူး။ မြင့်သိန်းဦး ဆိုတဲ့ ကွင်းမန်နေဂျာက သူဌေးအတွက်ပဲ ကြည့်တယ်။ အဲ့ နှစ်ကောင်လုံး အတူတူပါပဲ။ ကွင်းမန်နေဂျာ မြင့်သိန်းဦးက အလုပ်သမားဆိုလည်း အလုံအလောက်မခန့်ဘူး ကွင်းသန့်ရှင်းရေးလိုရင် ကယ်ဒီတွေကို လုပ်အားပေးဆိုပြီး ခေါခေါ်ခိုင်းနေတာတွေ့ရတယ်။ ကလပ်မန်နေဂျာ မိုးသူဟန်လည်း အတူတူပဲ သူက အကြီးဆုံးဆိုတော့ အထက်ကနေ  ဖိအားပေးခိုင်းတာပေါ့။ ဒီမြို့မှာ နောက်ထပ် ဂေါက်ကွင်း တစ်ကွင်းလောက် ရှိခဲ့ရင် ဒါမှမဟုတ် မယ်ဆိုင်ဘက်မှာ ဂေါက်ကွင်းရှိခဲ့ရင် သူတို့ဆီ သွားမရိုက်တော့မဲ့ လူတွေများတယ်"ဟု တာချီလိတ်မြို့မှ ဝါရင့် ဂေါက်ရိုက်ကစားသမား တစ်ဦးက ပြောသည်။

မန်နေဂျာများသည် အောက်ခြေဝန်ထမ်းများအတွက်ထက် လုပ်ငန်းရှင်အတွက်နှင့် ၎င်းတို့ ရာထူးတာဝန် တည်မြဲရေးအတွက်သာ ကြည့်ပြီး အောက်ခြေ ဝန်ထမ်းများ၏ တင်ပြမှုများနှင့် တကယ့် အခက်အခဲများ အပြင် မြေပြင်အခြေအနေများကို လေ့လာစောင့်ကြည့်မှုမရှိဘဲ စစ်တပ်လိုအမိန့်ဆန်ဆန်ပြုမှုသည်များရှိသည်ဟုလည်း သိရသည်။ 

 

လက်ရှိတွင် ထုတ်ပယ်ခံထားရသူများကို ကွင်းမန်နေဂျာ မြင့်သိန်းဦးဆိုသူ၏ အမိန့်ဟုဆိုတာ ကွင်းမန်နေဂျာလက်အောက်ခံများက  ဂေါက်ကလပ်မှ ထုတ်ဝေပေးထားသော အင်္ကျီများနှင့်ဦးထုပ်အပါအဝင် အပေါ်ဝတ်များကို လာအပ်ရန် ပြောဆိုနေသည်ဟုလည်း သိရသည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ထုတ်ပယ်ခံရသူများက Amazing Holidays Hotels & Resorts  ဥက္ကဌ ဦးအောင်မျိုးမင်းဒင် သို့မဟုတ်  ၎င်း၏ သမီးဖြစ်သူ  မအေးသီတာမင်းဒင်ထံသို့ နည်းလမ်းတခုခု အသုံးပြုပြီး အသနားခံစာတင်ရန်လည်း ကြံရွယ်ထားကြောင်း ကြားသိရသည်။



 စစ်တပ်က ထိုင်းလုပ်ငန်းရှင်  ရီဂျီးနားလုပ်ငန်းစုအား နှစ် (၃၀)စာချုပ်ဖြင့် ငှားရမ်းပေးထားသည့်  ရီဂျီးနားဂေါက်ကွင်းနေရာကို လုပ်ကိုင်ခွင့်ပြည့်ရန် (၈)နှစ်ကျော်လိုသေးသော်လည်း လုပ်ကိုင်ခွင့် သက်တမ်းမပြည့်သေးဘဲ ထိုင်းလုပ်ငန်းရှင်ထံမှ အတင်းအဓမ္မ ပြန်သိမ်းယူလိုက်ပြီး  အာဏာသိမ်းစစ်ခေါင်းဆောင်   မင်းအောင်လှိုင် မိသားစုနှင့် အနီးစပ်ဆုံးဖြစ်သည့်   ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်ကို လုပ်ကိုင်ခွင့် ပေးလိုက်ပြီးနောက် ရီဂျီးနားဂေါက်ကွင်း၏ အမည်ကို  တြိဂံဒေသတိုင်းစစ်ဌာနချုပ် စိုက်ရာ ကျိုင်းတုံမြို့ရှိ စစ်တပ်ပိုင် ဂေါက်ကွင်းဖြစ်သည့် "ရွှေတြိဂံဂေါက်ကွင်း"နှင့် အမည်ဆင်တူ "မဟာရွှေတြိဂံ ဂေါက်ကလပ်"ဟု အမည်ပြောင်းလိုက်ကာ လူဟောင်းများကို ထုတ်ပယ်ပြီး စစ်တပ်မှလူများကို ခန့်ထားခဲ့သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်  မင်းအောင်လှိုင် က ၎င်း၏ တွေ့ဆုံပွဲနှင့် အစည်းအဝေးများတွင်  ပြည်သူများ အလုပ်အကိုင်ရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်း ကောင်းစေရေး၊ အလုပ်လက်မဲ့ မဖြစ်စေရေးတို့အတွက် လုပ်ငန်းရှင်များအနေဖြင့် ဖော်ဆောင်ပေးရမည်ဟု ပြောဆိုထားသော်လည်း လက်တွေ့တွင် အဆိုပါ စကားများနှင့် ပတ်သက်ပြီး လုပ်ငန်း လုပ်ပိုင်ခွင့်ရထားသည့်  Amazing Holidays Hotels & Resorts က လုပ်ငန်းအတွင်း အသက်(၄၅)ပြည့်သူများကို ထုတ်ပယ်နေသည့်အတွက် အလုပ်လက်မဲ့များ တိုးလာစေရန် လုပ်ဆောင်နေသဖွယ်ဖြစ်နေသည်ကို တွေ့ရသည်။