ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်နေ

ရှမ်းမြောက်တွင် စစ်ကောင်စီတပ်နှင့် TNLAတို့ အပြန်အလှန် ထိုးစစ်ဆင်တိုက်ခိုက်နေ
စက်တင်ဘာ 1, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ရှိ စစ်ကောင်စီတပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် TNLAက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နေရာ(၃)ခုတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း TNLAထံမှသိရသည်။

ယနေ့ နံနက်အစောပိုင်းတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် မူဆယ်မြို့ (၁၀၅)မိုင်ရှိ စစ်ကောင်စီတပ်စခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာက စစ်ကောင်စီ တပ်မ(၉၉)၊ ခမရ(၄၂၀)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် နံနက်(၁၁)နာရီကျော်တွင် စစ်ကောင်စီတပ် တပ်မ(၉၉)၊ ခမရ(၄၂၀)၊ ဒစက/ခလရ(၂၆၁)နှင့် ပြည်သူ့စစ် ပူးပေါင်းတပ်တို့သည် လွယ်ကျလော့မှ TNLA တပ်မဟာ(၁) တပ်ရင်း(၁၁၂) ရှိရာသို့ ထိုးစစ်ဆင်လာခဲ့ရာ ဆိုင်ခေါင်အနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

နေ့လယ်(၁)နာရီဝန်းကျင်တွင် စစ်ကောင်စီတပ် စကခ(၁၇)၊ ခမရ (၅၇၇)၊ ရမခ/ခလရ(၄၅)နှင့် ပြည်သူ့စစ်ပူးပေါင်းတပ်တို့သည် TNLA ရှိရာ လွယ်နောတောင်သို့လည်ကောင်း၊ ညနေပိုင်းတွင် စကခ(၁၇)၊ ခမရ(၅၇၇)မှ TNLA ရှိရာ ကွတ်ခိုင်မြို့နယ်၊ ခိုမုန်းကျေးရွာအနီးသို့လည်းကောင်း ထိုးစစ်ဆင်လာခြင်းကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

တိုက်ပွဲဖြစ်ပွားရာနေရာနှင့် အနီးဝန်းကျင်သို့ နမ့်ဖက်ကာ စစ်ကောင်စီတပ်စခန်းမှ လွယ်မောက်တောင်သို့ လက်နက်ကြီးဖြင့် (၂၄)ကြိမ်၊ လွယ်ကျလော့စခန်းမှ စယ်လန့်ရွာသို့ (၅၁)ကြိမ်၊ (၁၀၅)မိုင်မှ စယ်လန့်သို့ (၃)ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။

ထို့အပြင် ညနေပိုင်းတွင် တိုက်လေယာဉ်တစ်စီးဖြင့် တိုက်ပွဲဖြစ်ပွားရာ ခိုမုန်းအနီးသို့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

နေ့လယ်ပိုင်းက နမ့်ဖက်ကာရှိ စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ ကွတ်ခိုင်မြို့နယ် ဇီးဒဘန်ရွာသို့ ကျရောက်ပေါက်ကွဲခဲ့ရာ ဦးဇော်ဒွဲ အသက်(၃၉)နှစ်နှင့် ဦးဘောင်ရာ အသက်(၆၂)နှစ်တို့(၂)ဦး သေဆုံးခဲ့ရပြီး အမျိုးသမီး(၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency