ရခိုင်ပြည်နယ်အဝင်လမ်းများအားလုံး စစ်ကောင်စီပိတ်

ရခိုင်ပြည်နယ်အဝင်လမ်းများအားလုံး စစ်ကောင်စီပိတ်
နိုဝင်ဘာ 13, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားနေသဖြင့် ရခိုင်ပြည်နယ်သို့ အဝင်လမ်းများအားလုံးကို စစ်ကောင်စီတပ်က ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက်ပိုင်းက ရသေ့တောင်မြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ဂွ၊ သံတွဲ၊ တောင်ကုတ်၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ စစ်တွေစသည့် မြို့နယ် အဝင်အထွက်များကို ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ဆန်တွေ၊ ဆီတွေဝယ်နေကြပြီ။ စျေးတွေက တက်နေပြီ။ ဆန်တစ်အိတ်ကို (၇၀၀၀)ကျပ်လောက်ထပ်တက်သွားတယ်။ ဂွလမ်းလည်းပိတ်ထားတယ်။ ပစ်မိန့်တောင်ပေးထားတယ်ကြားတယ်။ လူနာတင်ကားတောင်မရဘူးတဲ့။ အဝေးပြေးကားတွေလည်း ထွက်မရတော့ဘူး။”ဟု သံတွဲမြို့မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီတပ်က စစ်တွေ-ပုဏ္ဏားကျွန်း ကားလမ်း၊ မောင်တော-အငူမော်ကားလမ်း၊ ရသေ့တောင်-ပုဏ္ဏားကျွန်းကားလမ်း၊ ဧရာဝတီ-ဂွ-သံတွဲ ကားလမ်းတို့ကို ပိတ်ထားလိုက်ခြင်းဖြစ်သည်။

“ရန်ကုန်-စစ်တွေ ကားလမ်း၊ မင်းပြား-အမ်းကြားသွားလို့မရဘူး။ ဒီမနက် မင်းပြားမြို့နယ် ဖားပြိုနဲ့ မေလွမ်းရွာကြားမှာ စစ်ကား(၂)စီး မိုင်းထိပြီး AA ဘက်က သိမ်းမိထားတယ်။ မြောက်ဦးဂိတ်၊ ကျောက်တန်းဂိတ်တွေလည်း လောလောဆယ်ပိတ်ထားတယ်။”ဟု မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ထို့အပြင် မင်းပြားနှင့် ရသေ့တောင်တိုက်ပွဲများကြောင့် ရခိုင်မြောက်ပိုင်း၌ ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ်လိုင်းကိုလည်း ယာယီရပ်နားထားပြီး ၎င်းအမြန်ရေယာဉ်သည် စစ်တွေ-ကျောက်ဖြူ-ရမ်းဗြဲ-ကျော်နီမော်-တောင်ကုတ်၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်၊ စစ်တွေ-ပေါက်တော-မင်းပြားနှင့် စစ်တွေ-မြောက်ဦး ခရီးစဉ်များကို ယာယီရပ်နားထားမည်ဖြစ်ကြောင်း ယနေ့ နို၀င်ဘာလ (၁၃)ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

ယနေ့တွင် ရက္ခိုင့်တပ်တော်(AA)သည် ရသေ့တောင်မြို့နယ် ချိန်ခါလီနှင့် ဒုံးပိုက်ကျေးရွာဖက်တွင် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်စခန်း(၂)ခုကို သိမ်းပိုက်ထားကြောင်း သိရသည်။

#TachileikNewsAgency