တာချီလိတ်မြို့နယ်အတွင်း ကူးစက်မြန် ဝက်အားနည်းရောဂါကြောင့် သေဆုံး ဝက်အကောင်ရေ (၂၀၀)ကျော်နေသော်လည်း အထက်ဌာနသို့ (၆၉)ကောင်သာ စာရင်းတင်ပြထား

တာချီလိတ်မြို့နယ်အတွင်း ကူးစက်မြန် ဝက်အားနည်းရောဂါကြောင့် သေဆုံး ဝက်အကောင်ရေ (၂၀၀)ကျော်နေသော်လည်း အထက်ဌာနသို့ (၆၉)ကောင်သာ စာရင်းတင်ပြထား
သြဂုတ် 30, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စုအတွင်း၌ ဝက်အားနည်းရောဂါ ကူးစက်မှုကြောင့် ဝက်များ အစုလိုက်အပြုံလိုက် သေဆုံးသည့် အရေအတွက်မှာ (၂၀၀)ကျော်အထိ ရှိနေသော်လည်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက အထက်ဌာနသို့ သေဆုံးဝက်အရေ အတွက် (၆၉)ကောင်သာ ရှိကြောင်းကို တင်ပြထားကြောင်း သိရသည်။

ဝက်ခြံအား တိမွေးကု နှင့် ကြက်ခြေနီတို့ ပိုးသတ်ဆေးဖျန်းနေစဉ်

မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း အနည်းဆုံး (၁၀)ရွာကျော်တွင် ဝက်အားနည်းရောဂါ    ( Porcine Circovirus Type 2 – PCV2 )ကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုများနှင့်ပတ်သက်ပြီး တာချီလိတ်မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန နှင့် သက်ဆိုင်ရာအဖွဲ့တို့မှ အချိန်လွန်မှ သွားရောက် ကွင်းဆင်းစစ်ဆေးမှုများအရ မိုင်းကိုးကျေးရွာအုပ်စုအတွင်း ရန်ကုန်ရွာတွင် ဝက်(၃၁)ကောင်၊ ဝမ်ကောင်း(၁)ကျေးရွာတွင် ဝက်(၂)ကောင်၊ ဝမ်ကောင်း(၂)ကျေးရွာတွင် ဝက်(၁၁)ကောင် နှင့် ရန်နိုင်(၂)ကျေးရွာတွင် ဝက်(၂၅)ကောင် စုစုပေါင်း (၆၉)ကောင်သာ သေဆုံးကြောင်း အထက်ဌာနသို့ တင်ပြထားခြင်း ဖြစ်သည်။

ကျေးရွာသားများနှင့် သက်ဆိုင်ရာများ တွေ့ဆုံစဉ်

တကယ်တမ်းတွင် ဝက်အားနည်းရောဂါကြောင့် ဝက်သေဆုံးမှုများမှာ အဆိုပါ ကျေးရွာ(၄)ရွာအပြင် ကျေးရွာအများအပြားတွင် ဖြစ်နေပြီး   မိုင်းကိုးနှင့်မိုင်းဟဲအကြား ကျေးရွာများတွင် သေဆုံးမှုများသည်ဟု သိရသည်။

"ကျွန်တော့်အသိရွာတွေဖြစ်တဲ့ မိုင်းကိုးအုပ်စုနဲ့မိုင်းဟဲအုပ်စု အကြားက ရွာတွေတော်တော်များများမှာ ဝက်တွေ သေတာများတယ်။ အသိတစ်ယောက်ဆို မွေးထားတဲ့ ဝက်တွေထဲက တစ်ဦးတည်းကို အကောင်(၂၀)ကျော် သေသွားလို့ စိတ်ဓါတ်အတော်ကျနေတယ်။ ရန်ရှင်းဘက်မှာလည်း တော်တော်များတယ်လို့ ကြားတယ်။ ကျေးရွာ(၁၀)ရွာလောက်တည်းနဲ့ကို အကောင်(၂၀၀)ကျော်လောက်ရှိတယ်လို့ သိရတယ်။ ရွာတော်တော်များများမှာ ဝက်တွေသေနေတာ။ စာရင်းအမှန်ရဖို့နဲ့ တကယ်ထိထိရောက်ရောက် ကာကွယ်ဖို့ဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့စာရေးတို့က ရွာတွေကို အကုန်အသိပေး အကြောင်းကြားပြီး စာရင်းကောက်တာတွေ၊ ဆေးဖြန်းတာတွေ ကာကွယ်ဆေးထိုးပေးတာတွေ လုပ်သင့်တယ်။"ဟု အမည်မဖော်လိုသည့် ကျေးရွာသူကြီး တစ်ဦးက Tachileik News Agency သို့ ဩဂုတ်လ(၃၀)ရက်နေ့တွင် ပြောသည်။

လက်ရှိတွင် ကျေးရွာအချို့၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ အပါအဝင် ကျေးရွာတာဝန်ရှိသူများ ပူးပေါင်းပြီး ပိုးသတ်ဆေးဖျန်းနေကြောင်း သိရသည်။

လက်တလောတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ဝက်သေဆုံးမှုများနှင့် ပတ်သက်ပြီး  နားမကျန်ဖြစ်နေဆဲဖြစ်သည့် ဝက်အချို့၏ သွေးများကို ရယူပြီး ရန်ကုန်မြို့ရှိ တိရစ္ဆာန်ရောဂါရှာဖွေရေးဓါတ်ခွဲခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။

ဆာကိုဗိုင်းရပ်စ်ကြောင့် ဖြစ်သော    ဝက်အားနည်းရောဂါ    ( Porcine Circovirus Type 2 – PCV2 )သည် လူကို မကူးစက်နိုင်သော်လည်း ဝက်များအတွက် အင်မတန် ကူးစက်လွယ်သော ရောဂါတစ်မျိုးဖြစ်ပြီး PCV2 ရောဂါပိုးသည် အပူဒဏ်ကို ခံနိုင်ရည်ရှိသည့်အတွက် ပတ်ဝန်းကျင်တွင် ကြာရှည်စွာ အသက်ရှင်နေထိုင်နိုင်ခြင်းကြောင့် ကြွက်များကနေ တဆင့်လည်း ကူးစက်နိုင်သလို အစာနှင့် ဝက်သယ်ယူပို့ဆောင်သည့် ယာဉ်များအပြင် လူ နှင့် ခြံသုံးပစ္စည်းများကနေလည်း ကူးစက်နိုင်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်အတွင်း ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဇူလိုင်လကနေ  ဩဂုတ်လအတွင်း ယခုလို ဝက်များ  အစုလိုက်အပြုံလိုက် သေဆုံးမှုများလည်း ဖြစ်ပေါ်ခဲ့သေးသည်။



ဝက်များတွင် ဖြစ်ပွားလေ့ရှိသည့် အာဖရိကဝက်အပြင်းဖျား ရောဂါ အပါအဝင် မြန်မာနိုင်ငံတွင်  ဖြစ်ပွားလေ့ရှိသည့် ဝက်နားရွက်ပြာရောဂါ၊ ဝက်ဝမ်းကျရောဂါနှင့် ဝက်အားနည်းရောဂါ (PCV2) ရောဂါတို့သည် လူကို ကူးစက်နိုင်ခြေမရှိကြောင်း  မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။