တာချီလိတ်မြို့တွင် ကူးစက်ရောဂါ တစ်မျိုးကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုများ ကြုံတွေ့ နေရ

တာချီလိတ်မြို့တွင် ကူးစက်ရောဂါ တစ်မျိုးကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုများ ကြုံတွေ့ နေရ
သြဂုတ် 27, 2023 | ရှမ်းရှေ့

 



ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာပေါင်း အနည်းဆုံး (၁၀)ရွာကျော်တွင် ကူးစက်ရောဂါတစ်မျိုးကြောင့် ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုများ ကြုံတွေ့နေရပြီး ၂၀၂၃ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့အထိ  သက်ဆိုင်ရာက မြေပြင် ကွင်းဆင်းစစ်ဆေးခြင်းနှင့် တားဆီးကာကွယ်ရေးများ လာရောက် လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။

"အခုက တုပ်ကွေးလိုပုံစံဖြစ်နေတာ ကူးစက်ခံရတဲ့ ဝက်တွေအနေနဲ့ ဖျားနာပြီး အစာမစားတော့ရင် (၂)ရက်လောက်ပဲ ခံတယ်။ ရောဂါ လက္ခဏာအနေနဲ့ကတော့ သေသွားတဲ့ ဝက်တွေရဲ့  ပါးစပ်နဲ့ စအိုကနေ သွေးနည်းနည်း ထွက်တာ တွေ့ရတယ်။ ဝက်က အခုဆိုရင် တစ်ရွာမှာ အနည်းဆုံး အကောင်ရေ (၂၀)အထက်ပဲ ကြက်ကတော့ ကုန်သလောက်နီးပါးပဲ သေတာ။ ကျွန်တော့်ရွာအပြင် အနီးအနားရွာတွေအထိ မေးကြည့်သလောက်ကတော့ အခုထိ တိမွေးကု( မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန)က လာကြည့်တာ မရှိသေးသလို မြို့နယ်အုပ်ချုပ်ရေးအပိုင်းကလည်း လာကြည့်တာ မရှိသေးဘူး။"ဟု မိုင်းကိုးကျေးရွာအုပ်စုအတွင်းနေ ဒေသခံ အမျိုးသားတစ်ဦးက Tachileik News Agency သို့ ဩဂုတ်လ(၂၇)ရက်နေ့တွင် ပြောသည်။

 

တာချီလိတ်မြို့နယ်အတွင်း ဝမ်လုံး၊ မိုင်းဟဲ နှင့် မိုင်းကိုးကျေးရွာအုပ်စုတို့တွင် ပြီးခဲ့သည့် ၂၀၁၉ခုနှစ် ဇူလိုင်လကနေ  ဩဂုတ်လအတွင်း ဝက်များ  အစုလိုက်အပြုံလိုက် သေဆုံးမှုများရှိခဲ့ရာ ယခုအခါမှာလည်း ယင်းကဲ့သို့ ဖြစ်ပွားနေသည်ဟု ဆိုသည်။

 

"အခုက ၂၀၁၉တုန်းကလိုမျိုး ဝက်သေတဲ့ ခြံနားသွားရင် လူကနေ တဆင့် အခြားဝက်ကို ပြန်ကူးတာမျိုး ဖြစ်နေတယ်။ အဲ့လိုပဲ ဝက်သေနားဖြစ်ဖြစ် ဝက်ခြံနားဖြစ်သွားတဲ့ ကြက်တွေ ခွေးတွေကနေလည်း ကူးစက်သွားတဲ့ သဘောရှိတယ်။  ဝက်သေကို မြေမမြှုပ်ဘဲ ရေချောင်းထဲ ပစ်ချတာလည်း များတယ်။ အဲ့တော့ ချောင်းထဲမှာ ငါးဖမ်းရတာလည်း အဆင်မပြေတော့ဘူး။ အရမ်းနံတယ်။"ဟု ၎င်းက ဆက်လက်ပြောပြသည်။



မိုင်းကျေးရွာအုပ်စုအတွင်း၌ ယခုလို ဖြစ်ပွားနေမှုမှာများပြားနေပြီး ကာကွယ်ထိန်းသိမ်းရေး လုပ်ဆောင်နိုင်ခြင်း မရှိသေးကြောင်း သိရသည်။

"မိုင်းကိုးအုပ်စုထဲက ရွာတော်တော်များများမှာ ဖြစ်နေတာ စစဖြစ်တုန်းက   မြေမမြုပ်ကြဘူး။ ချောင်းတွေ တောတွေထဲ ပစ်တာ။  အခုချိန်က စပါးစိုက်ချိန်ဆိုတော့ ကျွဲနွားတွေကို စုပေါင်းပြီး ခြံခတ်ထားကြတာမျိုးလုပ်ကြတယ်။ အဲ့လို ကျွဲနွားတွေကို သွားကြည့်ချိန် ခွေးတွေလည်း ပါသွားတော့။ တချို့ အသေကောင်တွေကို ခွေတွေက စားခဲ့ပြီး ရွာထဲရောက်တော့ ပြန်အန်မိတာတွေဖြစ်တာ။ အဲ့ကနေ တဆင့် ကြက်တွေ ဝက်တွေက စားတော့ ကူးစက်ရောဂါက ပျံ့ကုန်တာပေါ့။   ကြက်သေ၊ ဝက်သေ တွေကို ချောင်းထဲ ပစ်တာများတယ်။ အဲ့တော့ ကူးစက်မှုက ခုထိ မရပ်နိုင်သေးဘူး။ အဲ့တော့ ပိုးပြန့်သွားသလိုပေါ့။   နွားနဲ့ ဝက်ဆိုရင်တော့ ဝက်သေတာက ပိုများတယ်။"ဟု ဝက်မွေးမြူထားသည့် ဒေသခံ တစ်ဦးက ပြောသည်။

မိုင်းကိုးကျေးရွာအုပ်စုအတွင်း၌ ဝက်များ အစုလိုက် အပြုံလိုက် သေဆုံးမှုမှာ ဇူလိုင်လနောက်ဆုံးပတ်က စတင်ပြီး ယနေ့ ဩဂုတ်လ(၂၇)ရက်နေ့အထိ   ဖြစ်ပွားနေလျက်ရှိရာ သက်ဆိုင်ရာများအနေဖြင့် တားဆီးကာကွယ်ရေးများ လာရောက် လုပ်ဆောင်ပေးသင့်ကြောင်း ဒေသခံများက ဆိုသည်။

"အခုလို ဖြစ်တော့ သက်ဆိုင်ရာ ဌာနတွေအနေနဲ့ လာကြည့်သင့်တယ်။ လိုအပ်တဲ့ အသိပညာပေးတာတွေ ပိုးသတ်ဆေးဖြန်းတာတွေ လုပ်ပေးသင့်သလို ကွင်းဆင်းပြီး ကုသကာကွယ်ရေးတွေ လုပ်ပေးသင့်တာပေါ့။ အခုက ဝက်တွေကိုပဲ ကူးစက်တာ လူကတော့ ဘာမှ မဖြစ်ဘူး။ တချို့ဆို (၁၀)ကောင်ကနေ အကောင် (၂၀)ကျော်အထိ မွေးထားတာတွေရှိတယ်။"ဟု ကျေးရွာသူကြီးတစ်ဦးက ပြောသည်။

မိုင်းကိုးကျေးရွာအုပ်စုအတွင်း၌ ကျေးရွာပေါင်း (၈၁)ရွာရှိရာတွင် တစ်ရွာနှင့်တစ်ရွာမှာ သိပ်မကွာဝေးသည့်အပြင် ကူးစက်မှုမှာလည်း မြန်ဆန်ကြောင်းနှင့် ကူးစက်မှုအများဆုံး ကျေးရွာအရေအတွက်မှာ (၁၀)ရွာအထက် ရှိကြောင်း သိရသည်။

 ပြီးခဲ့သည့် ၂၀၁၉ခုနှစ်ကလည်း ယခုလို ဖြစ်ပွားရာတွင် လူများကို ကူးစက်ခြင်းမရှိခဲ့ဘဲ အဓိက အားဖြင့်   ဝက်များကိုသာ ကူးစက်ခြင်းသာ ဖြစ်သည်။