တာလေမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၄၆)ဦးထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုး

 တာလေမြို့တွင် တစ်နေ့တည်း Covid-19 ကူးစက်ခံထားရသူ (၄၆)ဦးထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုး
နိုဝင်ဘာ 4, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာချီလိတ်မြို့နယ်အတွင်း  လူဦးရေ (၁၉၀၀၀)ကျော်သာရှိပြီး  Covid-19 ကူးစက်မှုတွေ မြှင့်တက်နေသည့် တာလေမြို့တွင် ယနေ့ နိုဝင်ဘာလ (၄)ရက်နေ့တွင် Covid-19 ကူးစက်ခံထားရသူ (၄၆)ဦး ထပ်တိုးသလို သေဆုံးသူလည်း (၂)ဦး ထပ်တိုးကြောင်း သိရသည်။

ယနေ့ ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့တွင် အသစ်ထပ်တိုးသည့် (၄၆)ဦးမှာ နားယောင်းကျေးရွာအုပ်စုအတွင်း ဝမ်ဆာကျေးရွာမှ (၂၃)ဦး နှင့် နောင်မွန်းကျေးရွာမှ (၂)ဦး စုစုပေါင်း (၂၅)ဦး နှင့် မိုင်းလင်းအရှေ့ကျေးရွာအုပ်စုမှ (၂၁)ဦးတို့ ဖြစ်ကြောင်း သိရသည်။

ထပ်တိုးသေဆုံးသည့် (၂)ဦးမှာ တာလေမြို့ ဝမ်ဝိန်းရွာနေ အသက်(၅၅)နှစ်ရှိ အမျိုးသားတစ်ဦး နှင့် တာကြန့်ကျေးရွာနေ အသက်(၆၆)နှစ်ရှိ အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

တာလေမြို့တွင် များများစစ် မြန်မြန်တွေ့ Covid-19 ထိန်းချုပ်နိုင်ရေးအတွက် Test Kit အလှူရှင်များ ဆက်လက်လိုအပ်နေပြီး အလှူရှင်များအနေဖြင့် Test Kit များကို အများအပြား လှူဒါန်းပေးနိုင်ပါက တာလေမြို့တွင် ယခုထက် ပိုစစ်ဆေးပေးနိုင်မည်ဖြစ်ကြောင်း နှင့် လှူဒါန်းလိုသူများအနေဖြင့် တာလေမြို့ရှိ လူမှုရေးအသင်းအဖွဲ့များနှင့် ရက်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။



Test kit အလှူရှင် ရှိရင် ရွာအလိုက် ကွင်းဆင်းပြီးစစ်ရင် ဒီထက်မက တွေ့မှာပဲ။ တာလေမှာ ကိုဗစ် ရောဂါက ပြန့်ကုန်လောက်ပြီ။ တကယ်တော့ အရေအတွက်က ဒီထက်များတယ်။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စစ်ပြီး ကြိတ်ကုတာတွေလည်းရှိနေတယ်

ဟု တာလေမြို့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာလေမြို့၏ Covid-19 တတိယလှိုင်းကာလအတွင်း ၂၀၂၁ခုနှစ် နိုဝင်ဘာလ(၄)ရက်နေ့အထိ Covid-19 ကူးစက်ခံထားရသူ (၆၇၈)ဦးအထိရှိနေပြီး နေအိမ်ပြန်ခွင့်ရရှိသွားကြသူများမှာ (၄၅၀)ဦးရှိကာ လက်ရှိတွင် (၂၂၈)ဦး စောင့်ကြည့်ကုသဆဲဖြစ်ပြီး (၁၃)ဦးမှာ ရောဂါအခံများဖြင့် သေဆုံးသွားကြသည်။