"ဝ"အမျိုးသားပါတီ၏ ပါတီဥက္ကဌ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးညီပလုပ် (Tax Nyi Pleek) ကွယ်လွန်

"ဝ"အမျိုးသားပါတီ၏ ပါတီဥက္ကဌ၊ အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ဦးညီပလုပ် (Tax Nyi Pleek) ကွယ်လွန်
နိုဝင်ဘာ 27, 2021 | ရှမ်းမြောက်

"ဝ" အမျိုးသားပါတီ( WNP ) ၏ ဥက္ကဌဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးညီပလုပ် (Tax Nyi Pleek) သည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ (၂၆) ရက်နေ့၌ ခရစ္စတော်၌အိပ်ပျော်သွားကြောင်း သိရသည်။

ဦးညီပလုပ်(Tax Nyi Pleek) သည် ယခင်က ပါတီ၏ ဒုတိယ ဥက္ကဌ (၁) အဖြစ် တာဝန်ထမ်းဆောင်နေခြင်းဖြစ်ပြီး ပါတီဥက္ကဌဖြစ်သူ ဦးဆိုင်းပေါင်းနပ်က အာဏာသိမ်းအဖွဲ့အား ကူညီမည့်ထုတ်ပြန်ချက်တွင် လက်မှတ်ရေးထိုးမှုနှင့်ပတ်သက်၍ ပါတီနှင့်သဘောထားကွဲလွဲကာ  ပါတီမှအပြီးအပိုင်နှုတ်ထွက်သွားသည့်အတွက် လစ်လပ်သွားသည့် ဥက္ကဌနေရာကို တာဝန်ယူပေးရန်  ဩဂုတ်လ (၂၃) ရက်နေ့တွင် တာဝန်ပေးခံရခြင်းဖြစ်သည်။

ဦးညီပလုပ် (Tax Nyi Pleek) သည် ပြီးခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် ဟိုပန်မြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရထားသူလည်းဖြစ်သည်။

"ဝ"အမျိုးသားပါတီ(WNP)က ၂၀၂၀ ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်တွင် (၃)နေရာ၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တွင် (၆)နေရာ နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်တွင် (၁၂)နေရာ စုစုပေါင်း (၂၁)နေရာ ဝင်ရောက် ယှဉ်ပြိုင်ရာ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ပြည်သူ့လွှတ်တော် ဟိုပန်မြို့နယ်မဲဆန္ဒနယ်မှ ဦးညီပလုပ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁)မှ  ဦးရန်ကျော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်လွှတ်တော် မိုင်းတုံမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ  ဒေါက်တာ Mဇော်လတ် (ခ) ဆမ်မားကို့(စ်)တို့ အနိုင်ရထားခြင်းဖြစ်သည်။

"ဝ"အမျိုးသားပါတီ(WA NATIONAL PARTY)သည် ‘ဝ’အမျိုးသားစည်းလုံးညီညွတ်ရေးပါတီ၊ ‘ဝ’ဒီမိုကရက်တစ်ပါတီ နှင့် ‘ဝ’လစ်ဘရယ် ဒီမိုကရက်တစ်တိုးတက်ဖွံ့ဖြိုးရေးပါတီတို့အား တစ်ခုတည်းအဖြစ်  ပေါင်းစည်းထားသည့် ပါတီတစ်ခု ဖြစ်သည်။