မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်များ တိုက်ပွဲဖြစ်

မင်းတုန်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်‌ရေးတပ်များ တိုက်ပွဲဖြစ်

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ကြို့ဝရွာနှင့် ရွာသစ်ရွာကြားလမ်းပိုင်းတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

စစ်ကောင်စီတပ်သည် အင်အား(၁၂၀)ဝန်းကျင်ဖြင့် ၂၀၂၃ခုနှစ် ဩဂုတ်လ (၂၃)ရက်နေ့က စစ်ကြောင်းထိုးကာ ကြို့ဝရွာအနီးရှိ ကုန်းမြင့်နေရာမှနေ၍ PDFပူးပေါင်းတပ်များ ရှိနိုင်သည့်နေရာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ လက်နက်ကြီးသည် ၎င်းတို့တပ်သားများရှိသည့်နေရာသို့ ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား(၁၅)ဦးထက်မနည်း ထိခိုက်သေဆုံးသည်ဟု ထုတ်ပြန်ထားသော်လည်း အတည်မပြုနိုင်ပါ။ 

ထို့နောက် စစ်ကောင်စီတပ်သားများသည် ရွာသစ်ရွာကိုဝင်ပြီး ဒေသခံများ၏ ပစ္စည်းများကို ယူဆောင်သွားကာ ရွာအတွင်းပိတ်မိနေသည့် ဒေသခံ(၅)ဦးကိုလည်း ရိုက်နှက်ဖမ်းဆီးခဲ့သည်ဟု ဆိုသည်။ 

ဩဂုတ်လ (၂၄)ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ ကြို့ဝရွာနှင့် ရွာသစ်ရွာကြားလမ်းပိုင်းပေါ်သို့ ဖောကား (၁)စီး၊ သစ်ကား(၁)စီးနှင့်ပါလာသော အင်အား (၃၀)ဝန်းကျင်ရှိ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) သရက်ခရိုင် အမှတ် (၄)တပ်ရင်း - Eagle Force (လင်းယုန်တပ်)၊ ကျောင်းသား လက်ရုံးတပ်တော် - Student Armed Force(SAF)၊ လွတ်မြောက်သော စစ်သည်တော်များအဖွဲ့-(WOLF)အဖွဲ့တို့က ပဒေသာမိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၈)ဦးသေဆုံးပြီး ဖောကား(၁)စီး မိုင်းထိပျက်စီးခဲ့သဖြင့် နေရာတွင်ပင်ချန်ထားခဲ့ပြီး စစ်ကောင်စီတပ်များ၏ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းကြောင့် ရွာသစ်ရွာနှင့် ကြို့ဝရွာ အနီးဝန်းကျင်ရှိ ဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်ဟု သိရသည်။

#TachileikNewsAgency