အာဏာသိမ်းစစ်တပ်က KNU ၏ လေးကေ့ကော်မြို့သစ်တွင် ယနေ့ ထပ်မံဖမ်းဆီးမှုများကြောင့် ပစ်ခတ်တိုက်ခိုက်မှုများ စတင် ဖြစ်ပွား

အာဏာသိမ်းစစ်တပ်က KNU ၏ လေးကေ့ကော်မြို့သစ်တွင် ယနေ့ ထပ်မံဖမ်းဆီးမှုများကြောင့် ပစ်ခတ်တိုက်ခိုက်မှုများ စတင် ဖြစ်ပွား
ဒီဇင်ဘာ 15, 2021 | အခြားဒေသများ

 KNU လုံခြုံရေးယူပေးနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်တွင် ယမန်နေ့ကတည်းက အင်အားဖြင့် ဝင်ရောက်ဖမ်းဆီးမှုများလုပ်နေသည့် အာဏာသိမ်းစစ်တပ်က ယနေ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ထပ်မံဖမ်းဆီးနေသဖြင့် နံနက် (၁၁)နာရီမှစ၍ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပစ်ခတ်မှုများဖြစ်နေကြောင်း သိရသည်။

ဒီနေ့ မနက် (၁၁)နာရီလောက်က လက်နက်ကြီးပစ်သံတွေ စကြားရတယ်။ နှစ်ဖက်စပစ်ကြတယ်။ အခုထိ ပစ်နေတုန်းပဲ။ လက်နက်ကြီးအလုံးရေ (၂၀)ပစ်ထားပြီးပြီ။ သူတို့က ဗျူးပွိုင့်မှာ တပ်စွဲထားသလို မြို့ပြင်က ပြောင်းခင်းတွေထဲလည်း ခြုံခိုနေရာယူထားကြတာ။  ရပ်ကွက် ၆ ကနေ စထိတွေ့ဖြစ်ပြီး အခု ဗျူးပွိုင့်၊ အမြောက်ကုန်း၊ ရသေ့ဂူဘက်ထိ တိုက်ပွဲဖြစ်နေပြီ။ စကစက မနက်ကလည်း ရပ်ကွက် (၂) က (၁၀) ယောက်ထပ်ဖမ်းတယ်။ ဖမ်းထားတဲ့လူတွေကို ဘယ်နားထားလဲတော့ မသိဘူး။

ဟု ဒေသခံတစ်ဦးက နေ့လယ် (၁၁)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် Tachileik News Agency သို့ အတည်ပြုသည်။

အာဏာသိမ်းတပ်က လေးကေ့ကော်မြို့အပါအဝင် အနီးဝန်းကျင်ကျေးရွာများကိုပါ ယမန်နေ့က လက်နက်ကြီးများ ချိန်ရွယ်ထားပြီး အင်အားအလုံးအရင်းဖြင့် နယ်မြေကျော်ဝင်ရောက်လာကာ တပ်စွဲထား၍ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အာဏာသိမ်းစစ်ကောင်စီက လေးကေ့ကော်ကို မဝင်မီကတည်းက ကင်းထောက်ဒရုန်းများ ပျံသန်းနေသည်ကို ဒေသခံများက သတိထားမိခဲ့ပြီး ဒီဇင်ဘာလ (၁၃) ရက်နေ့တွင် အင်အားဖြင့် စတင်ဝင်လာကာ အင်အား (၅၀)ခန့် မြို့တွင်းချန်ထားခဲ့ပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် နောက်ထပ်အင်အား (၁၅၀) ခန့်ထပ်လာပေါင်းခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့က မြောင်းမြလွှတ်တော်ကိုယ်စားလှယ်အပါအဝင် စုစုပေါင်း (၂၃) ဦးကို ဖမ်းဆီးသွားပြီး အမြောက်တပ်သို့ ခေါ်သွားခဲ့ကာ အာဏာသိမ်းစစ်ကောင်စီတပ်များက လေးကေ့ကော်၏ ဗျူးပွိုင့်အပန်းဖြေစခန်းနေရာနှင့် ရပ်ကွက် (၆) နှစ်နေရာခွဲ၍  စခန်းချထားခဲ့ခြင်းဖြစ်သည်။

 

ဆက်စပ်သတင်း