ဗမာလူမျိုးအများစု တော်လှန်ရေးတွင် ပါဝင်လာခြင်းကြောင့် အောင်မြင်မည်ဟု ကရင်နီတပ်မတော် စစ်ဦးစီးချုပ်ပြော

ဗမာလူမျိုးအများစု တော်လှန်ရေးတွင် ပါဝင်လာခြင်းကြောင့် အောင်မြင်မည်ဟု ကရင်နီတပ်မတော် စစ်ဦးစီးချုပ်ပြော
သြဂုတ် 17, 2023 | 2021 Military Coup| ကယား

မြန်မာပြည်တွင် ဗမာလူမျိုးအများစုမှာ တော်လှန်ရေးတွင် ပါဝင်တော်လှန်လာကြပြီဖြစ်သောကြောင့် တော်လှန်ရေးအင်အားကောင်းမွန်လာပြီး အောင်မြင်ခြင်းသို့ရောက်ရှိမည်ဟု ယုံကြည်ကြောင်း ကရင်နီတပ်မတော်(KA)စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်မြတ်က ပြောကြားလိုက်သည်။

ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၇)ရက်နေ့၌ ကျရောက်သည့် (၇၅)နှစ်မြောက် ကရင်နီတပ်မတော်နေ့အတွက်ပေးပို့သည့် ဗိုလ်မှူးချုပ်အောင်မြတ်၏ အမှာစကားတွင် ယင်းသို့ဖော်ပြထားခြင်းဖြစ်သည်။

စစ်အာဏာရှင်ပြုတ်ကျရေးအတွက်လည်းကောင်း၊ ကိုယ့်ကြမ္မာကိုယ်ဖန်တီးရေးအတွက်လည်းကောင်း တော်လှန်ရေးတိုက်ပွဲဆင်နွှဲရာတွင် ကရင်နီဟူသောအမည်တစ်ခုတည်း၏ အောက်တွင်ရှိလျှင် စည်းလုံးညီညွတ်ကြမည်ဟု ဆိုသည်။

လက်ရှိအခြေအနေသည် ကရင်နီပြည်သူ့တပ်မတော်အပါအဝင် ကရင်နီအမျိုးသားကာကွယ်ရေးတပ်၊ မြို့နယ်၊ ဒေသကာကွယ်ရေးတပ်များသည် ကရင်နီပြည်သူပြည်သားများ၏ အားကိုးအားထား၍ ယုံကြည်ရသောတပ်ဖွဲ့များဖြစ်ကြောင်း၊ ပြည်နယ်တစ်ခု၊ နယ်တစ်ခု၊ ဒေသတစ်ခု၏ ကိုယ်စားပြုမှုကို ရရှိလာသည်နှင့်အမျှ ဆက်လက်ကြိုးစားသွားကြရန်လည်း ပြောဆိုထားသည်။

ထို့အပြင် ကျဆုံးသွားသော သွေးသောက်ရဲဘော်များ၏ ဝိညာဉ်နှင့် အသက်ပေးကြသောပြည်သူများ၏ မျက်နှာကိုထောက်ရှုကြရန်၊ မြို့ပျက်၊ ရွာပျက်၊ အိမ်ပျက်၊ ဘဝပျက်သွားကြသော လူထုမျက်နှာငဲ့ကြည့်ကြရန်၊ နိုင်ငံရေးအချောင်သမားများ၊ ဘာသာရေးအချောင်သမားများအား မယုံကြည်ကြရန်လည်း ပြောဆိုထားသည်။

ကရင်နီပြည်နယ်တွင် စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ၂၀၂၃ခုနှစ် ဩဂုတ်လ(၁၃)ရက်နေ့အထိ စစ်ကောင်စီတပ်များ၏ သတ်ဖြတ်မှုကြောင့် အရပ်သား(၄၀၇)ဦးသေဆုံးပြီး၊ (၃၅၅)ဦးဖမ်းဆီးခံထားရကာ (၄၅၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Karenni Civil Society Networkက ယမန်နေ့ ဩဂုတ်လ (၁၆)ရက်နေ့တွင် ထုတ်ပြန်ဖော်ပြထားသည်။

ထို့အပြင် တိုက်ပွဲများကြောင့် လွိုင်ကော်မြို့တွင် နေအိမ်၊ အဆောက်အဦး(၁၆၇)လုံး၊ ဒီးမော့ဆိုတွင် (၆၀၈)လုံး၊ မယ်စဲ့တွင် (၃၁)လုံး၊ ဖယ်ခုံတွင် (၃၅၆)လုံး၊ ဖရူဆိုတွင် (၈၃)လုံး၊ ဘောလခဲတွင် (၃၃)လုံး၊ ရှားတောတွင် (၁၆)လုံးနှင့် ဖားဆောင်းတွင် (၃၂)လုံးပျက်စီးဆုံးရှုံးခဲ့ရကြောင်း သိရသည်။

#TachileikNewsAgency