မင်းပြားမြို့အတွင်း စစ်သုံ့ပန်းများကို ဆေးကုပေးနေသည့် မင်းဖူးဆေးရုံအား စစ်ကောင်စီဗုံးကြဲ

မင်းပြားမြို့အတွင်း စစ်သုံ့ပန်းများကို ဆေးကုပေးနေသည့် မင်းဖူးဆေးရုံအား စစ်ကောင်စီဗုံးကြဲ
ဖေဖော်ဝါရီ 27, 2024 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ မင်းဖူးဆေးရုံအား စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် ယနေ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇)ရက်နေ့၊ နံနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အဦး အပါအဝင် ဆေးကုနေသူများနှင့် ဝန်ထမ်းများ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါလေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆေးရုံအဆောက်အဦးများ ပျက်စီးခဲ့ရပြီး ဆေးဝါးကုသမှုခံယူနေကြသည့် အရပ်သားပြည်သူများနှင့် ဆေးရုံဝန်ထမ်းများ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

အဆိုပါဆေးရုံသည် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံ့ပန်းများ၊ သုံ့ပန်းမိသားစုဝင်များကို ဆေးကုသပေးနေသော အရပ်ဘက်ဆေးရုံတစ်ခုလည်းဖြစ်သည်ဟု သိရသည်။

စစ်ကောင်စီသည် ရက္ခိုင်ဒေသစစ်မျက်နှာတွင် ၎င်းတို့၏ တပ်မ၊ တပ်ရင်းဌာနချုပ်၊ စစ်ဘက်၊ ရဲဘက်စခန်းများစွာနှင့် တစ်မြို့ပြီးတစ်မြို့ကို လက်လွှတ်ဆုံးရှုံးနေရသည့်အတွက် ရှုံးမဲမဲကာ မြို့၊ ရပ်ရွာများရှိ အရပ်သားများနှင့် ဆေးရုံ၊ စာသင်ကျောင်း၊ အဆောက်အအုံများအား ပစ်မှတ်ထားတိုက်ခိုက်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲကျူးလွန်နေသည်ဟု AAက ထုတ်ပြန်သည်။

#TachileikNewsAgency

Photo: AA Info Desk