စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းမှ တပ်သားနှစ်ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်

စစ်ကောင်စီ ခမရ ၅၆၁ တပ်ရင်းမှ တပ်သားနှစ်ဦး PDF တပ်ဖွဲ့ထံ အလင်းဝင်
နိုဝင်ဘာ 2, 2023 | 2021 Military Coup| အခြားဒေသများ

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာအခြေစိုက် စစ်ကောင်စီတပ် အမှတ်(၅၆၁) ခြေမြန်တပ်ရင်းမှ တပ်သား (၂)ဦး ပြည်သူ့ကာကွယ်ရေးတပ်များထံ ယမန်နေ့ နိုဝင်ဘာလ (၁)ရက်နေ့က အလင်းဝင်လာကြောင်း တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံမှ သိရသည်။

၎င်းတို့(၂)ဦးသည် ပြီးခဲ့သည့် အောက်တိုဘာလ (၃၁)ရက်နေ့က တာဝန်ထမ်းဆောင်ရာတပ်ရင်းမှ ထွက်ပြေးလာခဲ့ပြီး တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း(၂)၏ တပ်ခွဲ(၁) ပူးပေါင်းစစ်ကြောင်းထံ အလင်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလင်းဝင်လာသည့် တပ်သားနှစ်ဦးမှာ ကိုထွန်းလင်းပိုင်နှင့် ကိုထက်မြတ်သူတို့ဖြစ်ပြီး တပ်တွင်း မတရားဖိနှိပ်ခံရခြင်းအပြင် ပြည်သူများအပေါ် စစ်သည်တော်ကျင့်ဝတ်များ ဖောက်ဖျက်ပြီး မတရား ဖိနှိပ်သတ်ဖြတ်မှုများ လုပ်ဆောင်နေသည့်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ပူးပေါင်းစစ်ကြောင်းထံ လာရောက်အလင်းဝင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ 

အလင်းဝင်ရောက်လာသည့် ရဲဘော်နှစ်ဦးအား ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ပြည်သူ့ရင်ခွင်နှင့် ချိတ်ဆက်ကာ ၎င်းတို့၏ ဆန္ဒအတိုင်း ‌ကူညီဆောင်ရွက်ပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။

တနင်္သာရီတိုင်းအတွင်း စစ်တပ်က အာဏာသိမ်းပြီးနောက် CDM ဝင်ရောက်လာခဲ့သည့် ရဲတပ်ဖွဲ့နှင့် စစ်သားများမှာ ထားဝယ်ခရိုင်တွင် (၉၈)ဦး၊ မြိတ်ခရိုင်တွင် (၁၁၀)ဦး၊ ကော့သောင်းခရိုင်တွင် (၂၉)ဦး စုစုပေါင်း (၂၃၇)ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency