စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး ငြိမ်းချမ်းသည့် အသိုက်အဝန်းတစ်ရပ်ကို တည်ထောင်နိုင်ရန် အကူအညီလိုအပ်နေကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော

စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီး ငြိမ်းချမ်းသည့် အသိုက်အဝန်းတစ်ရပ်ကို တည်ထောင်နိုင်ရန် အကူအညီလိုအပ်နေကြောင်း ဝန်ကြီးဒေါက်တာဝင်းမြတ်အေးပြော

မြန်မာပြည်သူများသည် တရားမဝင်စစ်အုပ်ချုပ်ရေးစနစ်ကို အဆုံးသတ်ပြီး နိုင်ငံတကာလူ့အခွင့်အရေးနှင့် နိုင်ငံတကာဥပဒေများကို လေးစားလိုက်နာသည့် ငြိမ်းချမ်းသည့် အသိုက်အဝန်းတစ်ရပ်ကို တည်ထောင်နိုင်ရန် အကူအညီလိုအပ်နေကြောင်း NUG လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့၌ ကျင်းပနေသည့် (၁၄၇)ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးများသို့ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ တက်ရောက်နေပြီး ယနေ့ ၂၀၂၄ ခုနှစ် မတ်လ(၂၆)ရက်နေ့တွင် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက  ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။



 

စစ်တပ်မှ အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ(၂.၇)သန်းကျော်သည် အာဏာသိမ်းစစ်တပ်၏ လေကြောင်းနှင့် မီးရှို့တိုက်ခိုက်ခြင်း၊ ကွပ်မျက်သတ်ဖြတ်ခြင်း၊ အဓမ္မပြုကျင့်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်း၊ လက်စလက်နဖျောက်ဖျက်ခြင်းနှင့် ဖိနှိပ်ခြင်းများကြောင့် နေအိမ်များမှ ထွက်ပြေးနေရသည်ဟု ဆိုသည်။

ကလေးသူငယ် (၆)သန်းအပါအဝင် မြန်မာပြည်သူ (၁၉)သန်းကျော်သည် လူသားချင်းစာနာထောင်ထားမှုအကူအညီလိုအပ်နေပြီး ပြည်ပခြိမ်းခြောက်မှုမရှိဘဲ အာဏာသိမ်းစစ်တပ်က ပြည်သူ့စစ်မှုထမ်းဥပဒေကို အကောင်အထည်ဖော်ရန် ထုတ်ပြန်ခြင်းသည် နေရပ်စွန့်ခွာမှုကို တိုးပွားလာနိုင်ကြောင်း ပြောဆိုသည်။

CRPH နှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များသည် မြန်မာပြည်သူများနှင့်အတူ အာဏာသိမ်းစစ်တပ်၏ တရားမဝင် အုပ်ချုပ်ရေးစနစ်နှင့် ၎င်းတို့၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန်၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီပြန်လည်ရရှိစေရန်နှင့် နိုင်ငံ၏ သက်ဆိုင်သူများနှင့်အတူ လက်ရှိနိုင်ငံရေးအခြေအနေများကို ဖြေရှင်းနိုင်ရန် လက်တွဲလုပ်ဆောင်နေသည်ဟုလည်း ဆိုသည်။

နိုင်ငံတစ်ဝှမ်းခုခံတွန်းလှန်မှုများကြောင့် အာဏာသိမ်းစစ်တပ်၏ နယ်မြေများနှင့် တပ်သားအများအပြားဆုံးရှုံးနေပြီး ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ဒီမိုကရေစီအင်အားစုများက မြန်မာပြည်သူအားလုံးအတွက် ငြိမ်းချမ်းသော အသိုက်အဝန်းတစ်ရပ် ဖန်တီးပုံဖော်ပေးနိုင်ရေး ဘုံရည်မှန်းချက်ကို ခိုင်မာသေချာအောင် လုပ်ဆောင်နေကြောင်း ပြောဆိုသည်။ 

မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် မတ်လ(၂၄)ရက်နေ့နှင့် မတ်လ(၂၅)ရက်နေ့တို့တွင် တီမောလက်တေ့နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ ဂျာမနီနိုင်ငံတို့မှ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့များနှင့် သီးခြားစီတွေ့ဆုံ၍ မြန်မာ့အရေးအခြေအနေ ပြောင်းလဲမှုများ၊ အကြမ်းဖက်စစ်တပ်က တိုးမြှင့်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အခြားသော အကြမ်းဖက်မှုများ၊ မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုအပေါ် ပူးပေါင်းကူညီပေးစေလိုသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency

Photo: Committee Representing Pyidaungsu Hluttaw - CRPH