TNLAနှင့် PDF တပ်များ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကနောင်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိထား

TNLAနှင့် PDF တပ်များ ပူးပေါင်းဆောင်ရွက်ခဲ့သည့် ကနောင်စစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရရှိထား
စက်တင်ဘာ 11, 2023 | 2021 Military Coup| အခြားဒေသများ

မန္တလေး၊ ကျောက်မဲနှင့် နောင်ချိုမြို့တို့တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် တအာင်းမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်ဖွဲ့တို့ ပူးပေါင်းကာ စစ်ကောင်စီတပ်များအား ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇူလိုင်လမှ စတင်၍ စက်တင်ဘာလ (၁၀)ရက်‌နေ့အထိ “ကနောင်စစ်ဆင်ရေး”ပြုလုပ်နေရာ တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)ထံမှ သိရသည်။

“ကနောင်စစ်ဆင်ရေး”စတင်ခြင်းအဖြစ် ဇူလိုင်လ (၁၅)ရက်နေ့တွင် မတ္တရာမြို့နယ်ရှိ အင်ကြင်းမြိုင်လေကြောင်းရန် ကာကွယ်ရေးတပ် (၁၀၁၄)အား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ၎င်းတပ်၏ ကာကင်းစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။  

ထို့နောက် အင်ကြင်းမြိုင်တပ်သို့ အင်အား(၁၀၀)ဝန်းကျင်ဖြင့် စစ်ကူလာသည့် စစ်ကောင်စီတပ် ယာဉ်တန်း(၆)စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးပြီး ကားတစ်စီးလည်း ပျက်စီးခဲ့ကာ ယင်းတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း သိရသည်။

သြဂုတ်လ (၄)ရက်နေ့ နေ့လယ်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နှင့် မဟာမိတ်တပ်များသည် ကျောက်မဲ - နောင်ချိုလမ်းအကြား၊ ဂုတ်တွင်းလမ်းပိုင်းအနီး ပြည်ထောင်စုလမ်းမကြီး တစ်နေရာ၌ နောင်ချိုမြို့ ခလရ(၁၁၄)နှင့် ခလရ(၁၁၅)တပ်မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ယာဥ်တန်းအား မိုင်းဆွဲပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးပြီး စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်ခဲယမ်းများစွာကိုလည်း သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် သြဂုတ်လ (၁၁)ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ တပ်မ(၉၉) လက်အောက်ခံ တပ်ရင်းတစ်ရင်းမှ အင်အား (၅၀)ခန့်သည် တော်လှန်ရေးတပ်များ ဆုတ်ခွာရာ လမ်းကြောင်းသို့ စစ်ကြောင်းထိုးလာခဲ့ရာ ထပ်မံ မိုင်းဆွဲတိုက်ခိုက်ခဲ့သဖြင့် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိခဲ့သည်ဟု သိရသည်။

သြဂုတ်လ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တပ်ဖွဲ့ဝင်များ နေရာယူထားသော နေရာသို့ စစ်ကောင်စီတပ်များ  စစ်ကြောင်းထိုးလာသဖြင့် ညနေပိုင်းအထိ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။ 

စက်တင်ဘာလ (၆)ရက်နေ့ ညပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့သည် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) တပ်ဖွဲ့ဝင်များရှိရာအား ဝိုင်းပတ်ပိတ်ဆို့ရန် ကြိုးစားခဲ့ရာ တော်လှန်ရေးတပ်များက ပြန်လည်ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ကူများစွာဖြင့် တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်များဘက်က ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်သည် အနီးဝန်းကျင်မှ ကလေးငယ်များအား လူသားဒိုင်းအဖြစ် အသုံးပြု၍ ဆုတ်ခွါသွားရာ စစ်ကောင်စီတပ်သား အလောင်းတစ်လောင်းနှင့် ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့သည်ဟု ဆိုသည်။ 

စက်တင်ဘာလ (၈)ရက်နေ့တွင် ပြင်ဦးလွင်-မိုးကုတ်လမ်းပိုင်းပေါရှိ တောင်နီကျေးရွာအနီး တာဝါတိုင်ကုန်း၌ စစ်ကောင်စီတပ်စစ်ကြောင်းရောက်ရှိနေသဖြင့် တော်လှန်ရေးတပ်များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အထိနာသည့် စစ်ကောင်စီတပ်သည် ထွက်ပြေးသွားသဖြင့် တာဝါတိုင်ကုန်းအား သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီတပ်သား အလောင်း(၅)လောင်းနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စက်တင်ဘာလ (၁၀)ရက်နေ့ ညနေပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)တပ်ဖွဲ့ဝင်များရှိရာသို့ စစ်ကောင်စီတပ်များ ပြန်လည်ထိုးစစ်ဆင်လာရာ စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် တော်လှန်ရေးတပ်များဘက်က ဒရုန်းများဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ “ကနောင်စစ်ဆင်ရေး”သည် ပြီးဆုံးခြင်းမရှိသေးဘဲ လက်ရှိတွင်လည်း စစ်ကောင်စီတပ်များ ဖြစ်သည့် တပ်မ(၉၉)၊ တပ်မ(၁၀၁)လက်အောက်ခံ (ခလရ ၂၅၂၊ ခလရ ၂၅၇)နှင့် စကခ(၁) လက်အောက်ခံ ခမရ (၅၀၂)တို့မှ အင်အား (၄၀၀)ဝန်းကျင်ခန့်ဖြင့် စစ်ရေး တင်းမာနေဆဲဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo : ပြည်သူ့ကာကွယ်‌ရေးတပ်မတော်(မန္တလေး)