ကျောက်မဲတွင်  ပစ်ခတ်ဖောက်ခွဲခံရပြီး စည်ပင် အမှုဆောင်အရာရှိ အပါအဝင် (၂)ဦး သေဆုံး၊ ယခင် စည်ပင် အမှုဆောင်အရာရှိ နှင့် မှားပြီး ပစ်ခတ်ခံရနိုင်ဟု ဒေသခံများ သုံးသပ်

ကျောက်မဲတွင်  ပစ်ခတ်ဖောက်ခွဲခံရပြီး စည်ပင် အမှုဆောင်အရာရှိ အပါအဝင် (၂)ဦး သေဆုံး၊ ယခင် စည်ပင် အမှုဆောင်အရာရှိ နှင့် မှားပြီး ပစ်ခတ်ခံရနိုင်ဟု ဒေသခံများ သုံးသပ်

 ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ပေါ် အမှတ်(၁)ရပ်ကွက်အတွင်း ပစ်ခတ်ဖောက်ခွဲမှုဖြစ်ပြီး စည်ပင်အမှုဆောင်အရာရှိ အပါအဝင် (၂)ဦး သေဆုံးကာ ဒဏ်ရာရရှိသူ အချို့ရှိခဲ့ကြောင်း  နှင့် ယခုဖြစ်စဉ်တွင် ယခင် စည်ပင် အမှုဆောင်အရာရှိ နှင့် မှားပြီး ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်ကြသည်။ 

ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ(၆)ရက်နေ့ နံနက်ပိုင်းက ပေါက်ကွဲမှုနှင့်အတူ ပစ်ခတ်မှုဖြစ်ပွားရာတွင် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးအောင်စည် နှင့် နမ္မတူ EPC မှ လက်ထောက်အင်ဂျင်နီယာတို့မှာ နေရာတွင် သေဆုံးသွားပြီး ဒဏ်ရာရရှိသူ အနည်းဆုံး (၃)ဦး ရှိကြောင်း သိရသည်။

"သီပေါကနေ ကျောက်မဲပြောင်းသွားတဲ့ စည်ပင် AD နဲ့ နမ္မတူ EPC က AE   အပါအဝင် (၂)ဦး သေပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး အပါအဝင် အနည်းဆုံး (၃)ဦး ဒဏ်ရာရတယ်၊။ ပထမက သေနတ်နဲ့ပစ်ပြီးမှ ဗုံးနဲ့ပစ်တာလို့ ကြားတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယခု ဖြစ်စဉ်တွင် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာန၏ အမှုဆောင်အရာရှိ ဦးအောင်စည် သေဆုံးသွားသည်နှင့်ပတ်သက်ပြီး ယခင်က ကျောက်မဲတွင် တာဝန်ကျခဲ့ပြီး ယခု ရှမ်းပြည်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ )ရဲ့ ဌာနခွဲတာဝန်ခံအဖြစ် တာဝန်ကျနေသည့် ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်ဦး နှင့် မှားပြီး ပစ်ခတ်ခံရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ဆိုသည်။

"အခု သေသွားတဲ့ အမှုဆောင်အရာရှိ ဦးအောင်စည်က သဘောကောင်းတယ်။ နာမည်ဆိုးမရှိဘူး။ ဒီနေ့က တနင်္ဂနေ့ဆိုတော့ ဌာနဆိုင်ရာတွေအနေနဲ့ မဖြစ်မနေ ကွင်းဆင်းဖို့ရှိလာရင် သူတို့တွေက ဌာန ယူနီဖောင်းတွေတော့ မဝတ်ထားကြဘူး။အခုဖြစ်စဉ်ကလည်း အရင် ကျောက်မဲ စည်ပင် အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦးနဲ့ မှားပြီး လုပ်တာထင်တယ်။ ဦးစိုးနိုင်ဦး လက်ထက်တုန်းကလည်း ကျောက်မဲစည်ပင်ရုံး ဗုံးခွဲခံရသေးတယ်။ အခုတော့ အဲ့လူ  ရှမ်းပြည်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ )ရဲ့ ဌာနခွဲတာဝန်ခံ (ဒုတိယညွှန်ကြားရေးမှူး) ဖြစ်နေပြီ"ဟု ကျောက်မဲဒေသခံ တစ်ဦးက Tachileik News Agency သို့  ပြောသည်။

ကျောက်မဲမြို့တွင် အာဏာသိမ်းခံရပြီးနောက်ပိုင်း ယခင်  ကျောက်မဲ စည်ပင် အမှုဆောင်အရာရှိ ဦးစိုးနိုင်ဦး လက်ထက်တွင် ကျောက်မဲမြို့နယ်စည်ပင်သာယာရေးဌာနရုံးတွင် ဗုံးခြောက်လန့်ခံရခြင်း နှင့် ဗုံးခွဲခံရမှုများာ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် ယခု သေဆုံးသွားသည့် မှုဆောင်အရာရှိ ဦးအောင်စည်သည် ကျောက်မဲသို့ ပြောင်းရွေ့တာဝန်ကျသည်မှာ မကြာသေးကြောင်း သိရသည်။