၁၉၆၁၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP ထုတ်ပြန်

၁၉၆၁၈ ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း AAPP ထုတ်ပြန်
ဇူလိုင် 25, 2023 | 2021 Military Coup

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့မှ ယနေ့ ၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၅)ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ (၂၄,၀၀၅)ဦးရှိပြီး (၁၉,၆၁၈)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့ ဇူလိုင်လ (၂၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ထိန်းသိမ်းခံနေရသူများအနက်မှ (၆,၉၃၁)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပြီး သေဒဏ်ချမှတ်ခံထားရသူ (၁၁၅)ဦးနှင့် မျက်ကွယ်သေဒဏ်ချမှတ်ခံရသူ (၄၃)ဦး စုစုပေါင်း (၁၅၈)ဦး ရှိသည့်အပြင် (၁၁၉)ဦးမှာလည်း မျက်ကွယ်ပြစ်ဒဏ်များ ချမှတ်ခံထားရသည်ဟု သိရသည်။

 

ဖမ်းဆီးခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသူ ဦးရေမှာ (၄,၃၈၇)ဦးရှိပြီး နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ (၃,၈၄၅)ဦး ရှိသည်ဟု သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ (၂၅)ရက်နေ့အထိ နိုင်ငံတဝန်း၌ စစ်အုပ်စု၏ လက်အောက်ခံ တရားရုံးများမှ မတရားပုဒ်မများဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသူ (၆,၉၃၁)ဦးရှိသည်ဟု ဆိုသည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံထားရသူများထဲတွင် ထောင်ဒဏ်တစ်ကြိမ်ထက်ပို၍ အမိန့်ချခံရသူ အမျိုးသမီး(၂၆)ဦး၊ အမျိုးသား(၂၁၉)ဦးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူ(၁)ဦး စုစုပေါင်း (၂၄၆)ဦးရှိကာ ရန်ကုန်တိုင်းတွင် (၉၀)ဦးဖြင့် အများဆုံးဖြစ်သည်ဟု သိရသည်။

တစ်ကြိမ်ထက်ပိုသော ပြစ်ဒဏ်ချမှတ်ခံရသူ (၂၄၆)ဦးထဲတွင် ကျောင်းသူ(၃)ဦးနှင့် ကျောင်းသား (၁၆)ဦး စုစုပေါင်း (၁၉)ဦး ပါဝင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

အဆိုပါ ကိန်းဂဏန်းအရေအတွက်များသည် AAPPမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်သည်ဟုလည်း သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : AAPP