သံလွင်တံတား(ဘားအံ)ရှိ စုပေါင်းဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သားနှင့်ရဲ (၇)ဦး ထိခိုက် ဒဏ်ရာရပြီး စရဖ တစ်ဦး စိုးရိမ်ရ

သံလွင်တံတား(ဘားအံ)ရှိ စုပေါင်းဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် စစ်ကောင်စီတပ်သားနှင့်ရဲ (၇)ဦး ထိခိုက် ဒဏ်ရာရပြီး စရဖ တစ်ဦး စိုးရိမ်ရ

 ကရင်ပြည်နယ် ဘားအံမြို့အဝင်အနီးရှိ စစ်ကောင်စီတပ်စွဲထားသော သံလွင်တံတားစစ်ဆေးရေးဂိတ် ကားဗုံးကွဲမှုတွင်  စစ်ကောင်စီလက်အောက်ခံ (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားရာတွင် ဦးခေါင်းထိမှန်ထားသည့် စရဖ တပ်ကြပ်ကြီးတစ်ဦး စိုးရိမ်ရကြောင်း သိရသည်။ 

စစ်ကောင်စီ၏ လက်ကိုင်တုတ်များဘက်က ထုတ်ပြန်ထားသည့် အချက်အလက်များအရ  စစ်ကောင်စီတပ်သား စရဖ တပ်ကြပ်ကြီး တစ်ဦး အပါအဝင် စစ်သား(၃)ဦး နှင့် ရဲတပ်ကြပ်ကြီး တစ်ဦး အပါအဝင် ရဲ(၄)ဦး  စုစုပေါင်း (၇)ဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း သိရသည်။

 ယင်းအပြင် အရပ်သား(၁)ဦးသေပြီး (၃)ဦး ဒဏ်ရာရသည်ဟု သတင်းထုတ်ပြန်ထားသည်တွင် တွေ့ရသော်လည်း စစ်ကောင်စီဘက်က ယခုလို ဖြစ်ပွားတိုင်း သေဆုံးသူများကို အရပ်သားသေဆုံးသည်ဟု သတင်းထုတ်ပြန်လေ့ရှိသည့်အတွက် ယခုဖြစ်စဉ်တွင် အရပ်သားထိခိုက်သေဆုံးမှု ရှိ မရှိကိုတော့   Tachileik News Agency အနေဖြင့် အတည်မပြုနိုင်သေးပေ။

စစ်ကောင်စီတပ်ဘက်က ထုတ်ပြန်ထားသည့်စာရင်းတွင် စရဖ(စရတ) တပ်ကြပ်ကြီးတစ်ဦး ယာဘက် ဦးခေါင်းထိခိုက်သွား၍ စိုးရိမ်ရပြီး၊ ရဲဒုတပ်ကြပ်တစ်ဦး ဦးခေါင်းပေါ် ထုပ်တန်းပြုတ်ကျကာ ဒဏ်ရာရကြောင်း နှင့်  နောက်ထပ် ရဲတပ်သားတစ်ဦး ၏ ဘယ်လက်ဖျံ ဒဏ်ရာရကြောင်း ဖော်ပြထားသည်။

ယင်းအပြင် ယာဉ်ထိန်းရဲဖြစ်သည့် ရဲတပ်ကြပ်ကြီးတစ်ဦးမှာလည်း ယာဘက်မျက်ခုံးထိခိုက်သွားသလို နောက်ထပ် ယာဉ်ထိန်းရဲတပ်သား တစ်ဦးမှာလည်း ဘယ်ဖက်မျက်လုံး ထိခိုက်သွားကြောင်း နှင့် စစ်ကောင်စီတပ်မှ တပ်ကြပ်တစ်ဦး ခေါင်းဘယ်ဘက်နှင့် ယာရင်ဘတ်ထိခိုက်သည့်အပြင် ကျန်တပ်သားတစ်ဦးမှာလည်း ယာဘက်ပခုံးနှင့် ပေါင် ထိခိုက် ဒဏ်ရာရရှိသွားကြောင်း ဖော်ပြထားသည်။

ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး သံလွင်တံတား (တရုတ်လှ)ဘက်ခြမ်းတွင် စစ်ဆေးရေးဂိတ်အနီးရှိ Honda Fit ယာဉ်တစ်စီးကို မိုင်းဆင်ပြီးလွှတ်ခဲ့ရာ ယာဉ်ထိန်း ရဲတပ်ကြပ်ကြီးမှ ရပ်တန့်စစ်ဆေးရန် ယာဉ်၏ရှေ့ယာဘက်ခြမ်း တံခါးအား ဖွင့်လိုက်ရာမှ ကားအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု စစ်ကောင်စီတပ်ဘက် ထုတ်ပြန်ထားသည်။

တံတား ရှိစစ်ကောင်စီတပ်သားများနှင့်စုပေါင်းအဖွဲ့သည် ခရီးသွားပြည်သူများအား အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ငွေတောင်းခံခြင်း၊ ခရီးသွားကားများအား ခြိမ်းခြောက်၍ ခရီးသွားကြန့်ကြာအောင်ပြုလုပ်ခြင်းနှင့် ဖုန်းများကို ယူစစ်ခြင်း စသည်တို့ ဖြင့် နာမည်ဆိုးနှင့်ကျော်ကြားနေသည့် စစ်ဆေးရေးဂိတ်ဖြစ်၍ HPA AN GUERILLA FORCE - HGF တပ်ဖွဲ့က ယခုလို ဖောက်ခွဲမှုအား လုပ်ဆောင်ခြင်း ဖြစ်သည်ဟု HGF က ဖောက်ခွဲတိုက်ခိုက်မှု အပြီးတွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ စုပေါင်းစစ်ဆေးရေးဂိတ်သည် စစ်ကောင်စီတပ်သားများ၊ ရဲတပ်ဖွဲ့များနှင့် Non CDM လဝက ဝန်ထမ်းများဖြင့် အခိုင်အမာ တပ်စွဲထားသည့်နေရာဖြစ်ပြီး ယခုလို ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်များသည် မြို့အဝင်၊ အထွက်များကို ပိတ်ဆို့၍ စစ်ဆေးခဲ့သော်လည်း HPA AN GUERILLA FORCE - HGF မှရဲဘော်များ လွတ်မြောက်နယ်မြေသို့ အထိခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency