မြန်မာနိုင်ငံအလယ်ပိုင်းတွင် အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း NUG သတိပေး

မြန်မာနိုင်ငံအလယ်ပိုင်းတွင် အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များ ဖြစ်ပွားလျက်ရှိကြောင်း NUG သတိပေး

မြန်မာနိုင်ငံအလယ်ပိုင်းရှိ မြို့အများစုသည် ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်လျက်ရှိပြီး အပူလွန်ကဲခြင်းကြောင့် အသက်ဆုံးရှုံးရသည့်ဖြစ်စဉ်များမှာ မြို့ကြီးအများစုတွင် ဖြစ်ပွားလျက်ရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ၂၀၂၄ခုနှစ် ဧပြီလ (၃၀)ရက်နေ့တွင် သတိပေးချက်ထုတ်ပြန်သည်။



မြန်မာပြည်တွင် အပူချိန်အလွန်အမင်းမြင့်တက်လာနေပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့မှ စတင်၍ လာမည့်ရက်သတ္တပတ်အတွင်း ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကရင်နီပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ နေပြည်တော်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့တွင် အပူချိန် ပြောင်းလဲမှုများကို ကြုံတွေ့ရနိုင်သည်ဟု ဆိုသည်။

ယင်းကဲ့သို့ အပူချိန်အလွန်အမင်း မြင့်တက်မှုများကြောင့် နောက်ဆက်တွဲ ကျန်းမာရေးဆိုင်ရာ ပြဿနာများကိုလည်း ရင်ဆိုင်ကြုံတွေ့ရနိုင်​ပြီး အရေပြားနေလောင်ခြင်း၊ ချွေးအလွန်အကျွံထွက်ခြင်း၊ ကြွက်တက်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ မူးဝေအော့အန်ခြင်း၊ အပူလွန်၍ သတိလစ်ခြင်းတို့အပြင် ပိုမိုပြင်းထန်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ကြောင်းသိရသည်။

အပူချိန်နှင့် စိုထိုင်းဆကို တိုင်းတာသည့် အညွှန်းကိန်းများအရ အပူချိန် ၄၀ ဒီဂရီဆဲလ်စီယပ်နှင့် အထက်သို့ရောက်ရှိနေပါက အန္တရာယ်ရှိသည့် အခြေအနေဖြစ်သည့်အတွက် အပူချိန်အပြင်းထန်ဆုံးဖြစ်သည့် နေ့လယ် ၁၂ နာရီမှ ညနေ ၃ နာရီအတွင်း နေရောင်ခြည်နှင့် ကြာရှည်စွာ ထိတွေ့မှုမရှိအောင် ရှောင်ကြဉ်ရန် လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေဝင်လေထွက်ကောင်းပြီး အရိပ်ရသည့် နေရာများတွင် နေထိုင်ခြင်း၊ ခန္ဓာကိုယ်၌ ရေဓါတ်အလုံအလောက် ရရှိစေရန်အတွက် ရေကို တတ်နိုင်သမျှ ရေဆာသည်အထိမစောင့်ဘဲ သောက်သုံးခြင်း ၊ မဖြစ်မနေအပြင်သို့ ထွက်ရမည်ဆိုပါက ထီး၊ ဦးထုပ်၊ နေကာမျက်မှန်၊ နေရောင်ကာကွယ်သည့် လိမ်းဆေးရည်များ လိမ်းပြီးမှ အပြင်သို့ထွက်​ခြင်းများ လုပ်ဆောင်ရန်လိုအပ်ကြောင်း သိရသည်။

ပြင်းထန်သည့် အားကစားလှုပ်ရှားမှုများနှင့် အရက်သေစာသောက်စားမှုများကို ရှောင်ကြဉ်ရန်လည်းလိုအပ်ပြီး ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် နာတာရှည် ရောဂါသည်များသည် အပူကြောင့်ဖြစ်ပေါ်သည့် ကျန်းမာရေးအန္တရာယ်များကို ပိုမိုခံစားရနိုင်သည့်အတွက် အထူးဂရုစိုက် စောင့်ရှောက်ရန်လိုအပ်ကြောင်း သိရသည်။

အပူချိန်ပြင်းထန်မှုကြောင့် ဖြစ်ပေါ်နိုင်သည့် ရောဂါလက္ခဏာများ တွေ့ရှိပါက ရှေးဦးသူနာပြုစုခြင်းကို အလျင်အမြန် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ပိုမိုဆိုးဝါးသည့် အခြေအနေတွင် ပြုစုကုသမှုကို အမြန်ဆုံးခံယူရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်းမှ အပူချိန်ပြင်းထန်သည့် ပြင်ပသို့ ချက်ချင်းထွက်ခြင်း၊ ပြင်ပမှ လေအေးပေးစက် တပ်ဆင်ထားသည့် အခန်းအတွင်း၊ ယာဉ်များအတွင်း ချက်ချင်းဝင်ခြင်းများကို သတိထားရှောင်ရှားရန်လိုအပ်ကြောင်း သိရသည်။

အပူချိန် မြင့်တက်နေချိန်အတွင် ယာဉ်ကားများထဲတွင် ကလေးငယ်များနှင့် အိမ်မွေးတိရစ္ဆာန်များကို ကျန်ရစ်ခြင်းမရှိရန် ဂရုပြုရန်လည်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် လာမည့်ရက်သတ္တပတ်အတွင်း အပူချိန်များ အနည်းငယ်ပြန်လည်ကျဆင်းနိုင်သော်လည်း အပူချိန် အလွန်အမင်းမြင့်တက်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲ ဆိုးကျိုးများကို အထူးသတိပြု နေထိုင်ကြပါရန် တိုက်တွန်းသတိပေးထားသည်။

#TachileikNewsAgency

Photo: inistry of Humanitarian Affairs and Disaster Management - NUG