တာချီလိတ်မြို့တွင် သားအဖ (၂)ဦး အပါအဝင် (၅)ဦးကို တာချီလိတ်တရားရုံးက အကြမ်းဖက်ဥပဒေများဖြင့် ထောင်ဒဏ် (၅)နှစ်ကနေ (၂၅)နှစ်အထိ ချမှတ်

တာချီလိတ်မြို့တွင် သားအဖ (၂)ဦး အပါအဝင် (၅)ဦးကို တာချီလိတ်တရားရုံးက အကြမ်းဖက်ဥပဒေများဖြင့် ထောင်ဒဏ် (၅)နှစ်ကနေ (၂၅)နှစ်အထိ ချမှတ်
ဇူလိုင် 30, 2023 | 2021 Military Coup| ရှမ်းရှေ့

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် ၂၀၂၃ခုနှစ်၏ ပထမဆုံးအကြိမ် ဖြစ်ပွားသည့် ပေါက်ကွဲမှု တစ်ခုနောက်ပိုင်း စစ်တပ်နှင့်ရဲက လူငယ်(၄)ဦး အပါအဝင် (၅)ဦးကို ဖမ်းဆီးပြီးနောက်  (၅)လကျော်အကြာတွင် ထောင်ဒဏ် (၇)နှစ်ကနေ  (၂၅)နှစ်အထိ အသီးအသီး အမိန့်ချလိုက်ကြောင်းသိရသည်။

တာချီလိတ်မြို့  ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံ(၁)အတွင်းရှိ နေအိမ်သို့ စစ်တပ်နှင့်ရဲတို့ ပါဝင်သည့် အဖွဲ့က ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့ အကူးပိုင်းအချိန်တွင် နေအိမ်အတွင်း အကြမ်းဖက်ဝင်ရောက်ပြီး အသက်(၂၀)ရွယ်ရှိ ကိုလှမင်းထက်ကို ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် ၎င်း၏ ဇနီးနှင့် ဖခင် အပါအဝင် စုစုပေါင်း (၅)ဦး အဖမ်းခံရခြင်း ဖြစ်သည်။

ဖမ်းဆီးခံရသူများထဲက အသက်(၂၀)ဝန်းကျင်ရှိ ကိုလှမင်းထက် အား အကြမ်းဖက် ဥပဒေ အပါအဝင် ပုဒ်မများစွာဖြင့် စုစုပေါင်း ထောင်ဒဏ် (၂၅)နှစ်၊ ၎င်း၏ ဖခင်ဖြစ်သူ ဦးအောင်ခိုင်သန်းအား ထောင်ဒဏ် စုစုပေါင်း (၁၂)နှစ်၊ သူငယ်ချင်းများဖြစ်သူ ကိုသိန်းထိုက်စံ(ခ)ထိုက်စံ အား ထောင်ဒဏ် စုစုပေါင်း (၈)နှစ် နှင့် ကိုပြည့်ပြည့်လျှံ အား ထောင်ဒဏ် (၅)နှစ်အဖြစ် တာချီလိတ်တရားရုံးက ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၈)ရက်နေ့က အမိန့်ချလိုက်ခြင်း ဖြစ်ကြောင်း တာချီလိတ် ရှေ့နေများထံက သိရသည်။

၎င်းတို့ (၄)ဦးအပြင် လှမင်းထက် ၏ ဇနီးဖြစ်သူ အသက်(၁၇)နှစ်အရွယ် မနန်းမွန်လောင်အား ဇွန်လ(၂၈)ရက်နေ့က ထောင်ဒဏ် (၇)နှစ် ချမှတ်ထားပြီး ၎င်းအား အသက်မပြည့်သေး၍ ကျိုင်းတုံထောင်တို့ မပို့ဘဲ မန္တလေးသို့ပို့ဆောင်လိုက်ကြောင်း သိရသည်။

ယင်းအပြင် လှမင်းထက်တို့ သားအဖ နေထိုင်သည့် တာချီလိတ်မြို့  ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံ(၁)အတွင်းရှိ နေအိမ်ကိုလည်း ၂၀၂၃ခုနှစ် မတ်လ၏ ပထမပတ်အတွင်းက ယာယီချိတ်ပိတ်ထားကြောင်း သိရသည်။



ယခု နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခံရသည့် (၅)ဦးအနက် အသက် (၂၀)ဝန်းကျင်ရှိ ကိုလှမင်းထက်ကို ဖမ်းဆီးချိန်တွင် လက်နက်ခဲယမ်းအချို့ကို သိမ်းဆည်းရမိ၍ ၎င်းအား ထောင်ဒဏ်(၂၅)နှစ် ချမှတ်လိုက်ခြင်းဖြစ်သည်ဟုသိရသော်လည်း ၎င်း အပါအဝင် (၅)ဦးစလုံးသည် တာချီလိတ်မြို့တွင် ဖောက်ခွဲမှုများကို တစ်ကြိမ်တစ်ခါမှ လုပ်ဆောင်ဖူးကြသူများ မဟုတ်ဘဲ အထက(ဆန်ဆိုင်း)ကျောင်းရှေ့အပါအဝင် မြို့တွင်း နေရာအချို့တွင် စစ်အာဏာဆန့်ကျင်ရေး စာရွက်များ ဖြန့်ဝေကြဲချသည့် လုပ်ဆောင်မှုများသာ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ကြောင်းသိရသည်။

တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်ကောင်စီကို ဆန်ကျင်သူများအား ပုဒ်မ ၅၀၅-က အပြင် အကြမ်းဖက် ဥပဒေများဖြင့်သည့် နှစ်ရှည်ထောင်ဒဏ်များ ချလေ့ရှိသော်လည်း ဒေသတွင်းနေ ပြည်သူများ၏ လုံခြုံရေးနှင့်စီးပွားရေးကိုပါ ထိခိုက်စေသည့် ခိုးဆိုးလုယက်မှုများကိုတော့ ထိရောက်စွာ အရေးယူခြင်း မရှိပေ။

#TachileikNewsAgency