အရှေ့အလယ်ပိုင်းဒေသ ဒုံးကျည်တိုက်ခိုက်မှုများက ဂါဇာစစ်ပွဲကို ပိုမိုကျယ်ပြန့်လာစေနိုင်ဟုဆို

အရှေ့အလယ်ပိုင်းဒေသ ဒုံးကျည်တိုက်ခိုက်မှုများက ဂါဇာစစ်ပွဲကို ပိုမိုကျယ်ပြန့်လာစေနိုင်ဟုဆို
ဇန်နဝါရီ 21, 2024 | 2021 Military Coup
By Mr John

 ဆီးရီးယား၊ လက်ဘနွန်၊ အီရတ်နှင့် ယီမင် နိုင်ငံတို့တွင် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့၏ ဒုံးကျည်တိုက်ခိုက်မှုများက ဂါဇာကမ်းမြှောင်တွင် ဖြစ်ပွားနေသည့် စစ်ပွဲကို အီရန်နှင့် ၎င်း၏ မဟာမိတ်များက အစ္စရေးနှင့် အမေရိကန်ကို ဆန့်ကျင်တိုက်ခိုက်သည့် ပိုမိုကျယ်ပြန့်သော ဒေသတွင်း ပဋိပက္ခတစ်ခုအသွင် ဖြစ်လာစေနိုင်သည်ဟု ဆိုသည်။

ဆီးရီးယားနိုင်ငံ ဒမတ်စကက်မြို့ရှိ အိမ်တစ်အိမ်ကို ဇန်နဝါရီလ (၂၀) ရက်နေ့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုတစ်ခုတွင် ၎င်း၏ တော်လှန်ရေးအစောင့်တပ်ဖွဲ့မှ (၅) ဦး သေဆုံးခဲ့ကြောင်း အီရန်က အတည်ပြုထားပြီး အစ္စရေးလက်ချက်ဟု ပြောဆိုခဲ့သည်။ 

ထိုနေ့မှာပင် အစ္စရေးတိုက်ခိုက်မှုကြောင့် အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအုပ်စုမှ အဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ကြောင်း လက်ဘနွန်နိုင်ငံရှိ လုံခြုံရေးဆိုင်ရာ သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

ဇန်နဝါရီလ (၂၀) ရက်နေ့ နှောင်းပိုင်းတွင်မူ အီရတ်နိုင်ငံရှိ အီရန် ကျောထောက်နောက်ခံပြု စစ်သွေးကြွများက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ al-Asad လေတပ်အခြေစိုက်စခန်းကို ထိမှန်ခဲ့ကြောင်း U.S. Central Command က ပြောသည်။ 

အဆိုပါ လေတပ်အခြေစိုက်စခန်းမှာ ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အီရတ်စစ်ပွဲကာလအတွင်း အမေရိကန်၏ ဒုတိယအကြီးဆုံး လေတပ်စခန်းဖြစ်ခဲ့ပြီး ယခုအခါတွင်မူ အီရတ်လက်နက်ကိုင်တပ်ဖွဲ့ Iraqi Armed Forces ၏ အခြေစိုက်စခန်းတစ်ခု ဖြစ်သည်။ 

အီရတ်တွင် စစ်သွေးကြွအုပ်စုများက အမေရိကန်တပ်ဖွဲ့များကို ပစ်မှတ်ထားလေ့ရှိကြသည်။

အမေရိကန်ကလည်း ပင်လယ်နီအတွင်း ကုန်စည်ပို့ဆောင်ရေးသင်္ဘောများကို တိုက်ခိုက်နေသည့် ယီမင်နိုင်ငံရှိ အီရန် ကျောထောက်နောက်ခံပြု ဟူသီသူပုန်အုပ်စုကို ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း ပြောခဲ့သည်။ 

ဂါဇာကမ်းမြှောင် စစ်ပွဲနှင့်ပတ်သက်၍ ဟားမတ်စ်အုပ်စုကို အားပေးထောက်ခံသော ဟူသီသူပုန်တို့က အစ္စရေးကို လက်တုံ့ပြန်မှုအဖြစ် ပင်လယ်နီတွင် ဖြတ်သန်းသွားလာသော သင်္ဘောများကို တိုက်ခိုက်နေသည်။ 

လတ်တလော ဒုံးကျည်တိုက်ခိုက်မှုများကနေ ဂါဇာကမ်းမြှောင် စစ်ပွဲမှာ အရှေ့အလယ်ပိုင်းဒေသတွင်း ပိုမိုကျယ်ပြန့်သည့် ပဋိပက္ခတစ်ခုအသွင် ဖြစ်လာမည်ကို စိုးရိမ်မှုများ ရှိနေသည်။

Source: Reuters