ဘုတလင်မြို့နယ် ဗကသရုံးခန်းကို စစ်ကောင်စီတပ်ဝင်စီးပြီး ဥက္ကဌအပါအဝင် ရဲဘော်တချို့သတ်ဖြတ်ခံရ

ဘုတလင်မြို့နယ် ဗကသရုံးခန်းကို စစ်ကောင်စီတပ်ဝင်စီးပြီး ဥက္ကဌအပါအဝင် ရဲဘော်တချို့သတ်ဖြတ်ခံရ

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်ရှိ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ)ရုံးခန်းကို ယနေ့ ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၈)ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး မြို့နယ်ဗကသ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ကို ဖမ်းဆီးသတ်ဖြတ်သွားကြောင်း သိရသည်။

ဘုတလင်မြို့နယ်မှ ထွက်လာသည့် စစ်ကောင်စီတပ်များသည် ဘုတလင်မြို့မှ ပေလမ်းအတိုင်း လာပြီးနောက် အင်အားအများအပြားဖြင့် စိုင်ပြင်ရွာ စာသင်ကျောင်းရှိ ဗကသရုံးခန်းကို နံနက် (၄)နာရီအချိန်တွင် ဝင်ရောက်စီးနင်းသွားခြင်းဖြစ်ကြောင်း သိရသည်။

“ရန်သူက ရုံးအခြေစိုက် ဧရိယာနားကိုရောက်မှ ပြည်သူရော ရဲဘော်တွေရောက သိရတာမျိုးဖြစ်သွားတယ်။ ရန်သူက ဘုတလင်ကနေ ပေလမ်းအတိုင်းထွက်လာပြီး ဝင်စီးသွားတာပါ။ ကျဆုံး အတည်ပြုနိုင်တာကလွဲရင် အသေးစိတ် မသိရသေးပါဘူး။”ဟု ဗကသများအဖွဲချုပ် ဗဟိုအမှုဆောင်တစ်ဦးက Tachileik News Agencyကိုပြောသည်။ 

အဆိုပါ စီးနင်းခံရခြင်းကြောင့် မြို့နယ်ဗကသ ဥက္ကဌ၊ ဒုဥက္ကဌနှင့် အတွင်းရေးမှူးတို့ ဖမ်းဆီးသတ်ဖြတ်ခံရပြီး အရပ်သားများထဲတွင်လည်း သတ်ဖြတ်ခံရသူ ရှိသည်ဟု ၎င်းကဆိုသည်။

“ရန်သူ့သတင်းပေးကြောင့် ဒလန်ကြောင့် ဝင်စီးခံရတယ်လို့ ယူဆပါတယ်။ လက်ရှိမှာ အခြေအနေတွေကို အတည်ပြုနိုင်အောင် အသေးစိတ် စိစစ်နေပါတယ်။ ပြည်သူတွေထဲက ဖမ်းဆီးခံရသူတွေ ရှိတယ်လို့ သိထားပါတယ်။”ဟု ၎င်းကဆက်ပြောသည်။

ဝင်စီးခံရပြီးနောက် စစ်ကောင်စီတပ်များသည် ဗကသရုံး၊ စာ‌သင်ကျောင်း၊ စိုင်ပြင်ရွာနှင့် ပတ်ဝန်းကျင်ရှိ ကျေးရွာများကိုပါ မီးရှို့ဖျက်ဆီးနေသဖြင့် ဒေသခံများလည်း ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency