မလည်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်မီးရှို့

မလည်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ သိမ်းပိုက်မီးရှို့

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလည်ရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် မေလ (၇)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယနေ့ နံနက်(၅)နာရီကျော်ကစတင်ပြီး မလည်စစ်ကောင်စီတပ် အထိုင်စခန်းအား ကန့်ဘလူခရိုင် PDF တပ်ရင်းတပ်ဖွဲ့များက ဝင်ရောက် တိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းဖြင့် အကြိမ် (၃၀)ကျော် ပစ်ကူခဲ့သည့်အပြင် လက်နက်ကြီးဖြင့်လည်း အကြိမ် (၅၀) ထက်မနည်း ပစ်ကူပေးခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့ထံမှ သိရသည်။

စခန်းသိမ်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများသည့်အပြင် စစ်ကောင်စီတပ်သားများ စခန်းစွန့်ခွာထွက်ပြေးကြသဖြင့် တော်လှန်ရေးတပ်များက ဗန်ကာများကို ဖြိုဖျက်ကာ စခန်းကုန်းအား သိမ်းပိုက်နေရာယူနိုင်ခဲ့သည်ဟု ဆိုသည်။

တော်လှန်ရေးတပ်များ နေရာယူထားချိန်တွင် စစ်ကောင်စီတပ်ဘက်မှ Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ဖြင့် (၁၀)ကြိမ်၊ ဂျက်ဖိုက်တာဖြင့် (၆)ကြိမ်နှင့် Y-12 စစ်ထောက်ပို့ယာဉ်တစ်စီးဖြင့် (၁၆)ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ပြီး မန္တ‌လေးဘက်ခြမ်းမှ ဟောင်ဝစ်ဇာဖြင့် အကြိမ်(၅၀)ထက်မနည်း ပစ်ကူပေးခဲ့သည်ဟု သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးတပ်များဘက်က ထိခိုက်ကျဆုံးသူရှိခဲ့ပြီး စစ်ကောင်တပ်သည် ယမန်နေ့ ပျူစောထီးစခန်းမှလာသည့် အင်အား(၁၅၀)ဝန်းကျင်ရှိ စစ်ကူစစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့အပြင် မန္တလေးဘက်ခြမ်းမှလည်း အင်အား (၇၀)ဝန်းကျင်ပါ စစ်ကူစစ်ကြောင်းသည် မော်တော်ဘုတ်များအား ချောဆွဲကာ  မြစ်ကြောင်းမှတစ်ဆင့် ကန့်ဘလူမြို့နယ်အတွင်းသို့ စစ်ကူဝင်ရာက်လာကြောင်း သိရသည်။

ယနေ့တိုက်ပွဲသည် ကြာချိန် (၈)နာရီခန့်ရှိပြီး  စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်အကျအဆုံးများကာ လက်နက်ခဲယမ်းအချို့လည်း တော်လှန်ရေးတပ်များက သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency