ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

ကန်ပက်လက်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ချင်းအမျိုးသားကာကွယ်ရေးတပ်များနှင့် ပူးပေါင်း PDFတပ်များက ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၄)ရက်နေ့က တိုက်ခိုက်ခဲ့ကြောင်း NUGကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ ဇူလိုင်လ (၂၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ဇူလိုင်လ (၂၄)ရက်နေ့ နံနက်(၈)နာရီကျော်တွင် မောချောင်းနှင့် လှိုင်ဒုတ်ကြားတွင် အာဏာသိမ်းစစ်ကောင်စီတပ် တပ်မ(၈၈)၊ ခလရ(၃၀၄) ပူးပေါင်းအင်အား (၁၀၀)ဝန်းကျင်ပါသည့် စစ်ကြောင်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်နှင့် ပူးပေါင်း PDFတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းနေ့ ညနေ(၅)နာရီတွင် စစ်ကောင်စီတပ်မ(၈၈)လက်အောက်ခံ ခမရ(၃၀၁)၊ (၃၁၇)ပူးပေါင်းတပ်အင်အား (၁၅၀)ဝန်းကျင်သည် ထပ်မံစစ်ကြောင်းထိုးလာရာ လဲပုံးလမ်းခွဲအနီးတွင် တိုက်ပွဲထပ်ဖြစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်သား (၂၀)ဦးသေပြီး အများအပြားဒဏ်ရာရသည်ဟု NUGကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ဖော်ပြထားသော်လည်း Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်ပါ။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ အမှတ်(၁) စစ်ဒေသ၊ မင်းဘူးခရိုင် တပ်ရင်း(၃) မင်းဘူးခရိုင် တပ်ရင်း(၆)နှင့် CNA/CDF ကန်ပက်လက် မဟာမိတ်ပူးပေါင်းတပ်များ၊ CDFကန်ပက်လက် ခေါနုတပ်ခွဲတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်းတပ်ဘက်က ရဲဘော်(၅)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်)ရခဲ့သည်ဟုလည်း ဖော်ပြထားသည်။

 

စစ်ကောင်စီတပ်များသည် မကွေးတိုင်းအနောက်ခြမ်းဒေသနှင့် ချင်းပြည်နယ်ကို စိုးမိုးထိန်းချုပ်ရန် တပ်အင်အား အများအပြား၊ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်ဟုသိရသည်။

#TachileikNewsAgency

Photo :Ministry of Defence-NUG