တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ဒုဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးလိုက်ပြီး ပြည်ထဲရေး ဒုဝန်ကြီး နှင့် ရဲချုပ် တာဝန်တို့ကို ပူးတွဲပေး

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးကို ဒုဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးလိုက်ပြီး ပြည်ထဲရေး ဒုဝန်ကြီး နှင့် ရဲချုပ် တာဝန်တို့ကို ပူးတွဲပေး
ဇူလိုင် 22, 2023 | 2021 Military Coup| ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင်အား ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတိုးပေးလိုက်ကာ ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန် နှင့် ရဲချုပ်တာဝန်ကိုပါ ပူးတွဲခန့်ထားလိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီအဖွဲ့က ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့ ညပိုင်းက ကြေညာလာသည်။

ရာထူးအဆင့်ဆင့်တိုးမြှင့်ခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ဗိုလ်ချုပ်ရာထူးဖြင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် ၂၀၂၂ခုနှစ် ဩဂုတ်လအတွင်းက ရှမ်းပြည်နယ်အရှေ့ပိုင်းသို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၎င်းသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခြင်း တစ်နှစ်မပြည့်မီတွင် ယခုလို ရာထူးအဆင့်ဆင့် တိုးမြှင့်ခံရခြင်းလည်းဖြစ်သည်။

 ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးတာဝန် နှင့် ရဲချုပ်တာဝန်ကို ထမ်းဆောင်နေသည့် ဗိုလ်ချုပ်ဇင်မင်းထက်အား စစ်မှူထမ်းရာထူးကနေ ထုတ်ပယ်လိုက်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်သာ ပြောင်းရွှေ့တာဝန်ခန့်ထားလိုက်ကြောင်း သိရသည်။

နိုင်ငံ့အာဏာသိမ်းထားသည့် ကာလအတွင်း စစ်ကောင်စီအဖွဲ့သည် ရဲချုပ်ရာထူးနေရာကို ရဲများကို မယုံသည့် သဘောဖြင့် ရဲစစ်စစ်များကို ခန့်ထား တာဝန်ပေးထားရဲခြင်းမရှိဘဲ စစ်တပ်က လာသည့် ဗိုလ်ချုပ်နှင့် ဒုဗိုလ်ချုပ်ကြီးအဆင့်ရှိသူများကိုသာ တာဝန်ပေးနေရာ အာဏာသိမ်းထားသည့် (၂)နှစ်ခွဲဝန်းကျင်အတွင်း ရဲချုပ်ရာထူးနေရာအပြောင်းအလဲမှာ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင် နှင့် ဗိုလ်ချုပ်ဇင်မင်းထက် အပြင် ယခု အသစ်ပြောင်းလဲခန့်ထားလိုက်သည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင် အပါအဝင် (၃)ဦးအထိ ရှိလာခဲ့သည်။



ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်သည် ၂၀၁၇ခုနှစ်က ဗိုလ်မှူးကြီး ရာထူးဖြင့် ပဲခူးတပ်နယ်မှူးအဖြစ် လည်းကောင်း၊ ၂၀၂၀ခုနှစ်က ဗိုလ်မှူးချုပ် ရာထူးဖြင့် တပ်မတော်ဆေးတက္ကသိုလ်တွင် ကျောင်းအုပ်ကြီးအဖြစ် လည်းကောင်း၊ ၂၀၂၁ခုနှစ်က ဗိုလ်ချုပ်ရာထူးဖြင့်ပင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး အဖြစ်လည်းကောင်း ၂၀၂၂ခုနှစ် ဩဂုတ်လမှ ၂၀၂၃ခုနှစ် ဇူလိုင်လ(၂၁)ရက်နေ့အထိ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီ၏ လက်ရှိ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ ဦးအောင်ဇော်အေး(ဒုတိယဗိုလ်ချုပ်ကြီး)နှင့် ယခု ရဲချုပ်အဖြစ် တာဝန်ပေးခံရသည့် ဒုတိယဗိုလ်ချုပ်ကြီး နီလင်းအောင်တို့သည် ကရင်နီ(ကယား)ပြည်နယ် မိုဆိုကျေးရွာအတွင်း လူ(၃၅)ဦး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွင် တာဝန်ရှိသူများဖြစ်၍ ဥရောပသမဂ္ဂ (EU)က ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပိတ်ဆို့ဒဏ်ခတ် အရေးယူကြောင်း ထုတ်ပြန်ခဲ့သေးသည်။

လက်ရှိ လစ်လပ်သွားသည့် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနေရာတွင် ဗိုလ်ချုပ်အောင်ခိုင်ဝင်း ရောက်ရှိမည်ဖြစ်သည်။