တိတ်ဆိတ်မှုနှင့် တော်လှန်မယ့် Silent Strike ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် တစ်ပြိုင်တည်း လုပ်ဆောင်ကြမည်

တိတ်ဆိတ်မှုနှင့် တော်လှန်မယ့် Silent Strike ဒီဇင်ဘာလ (၁၀)ရက်နေ့တွင် တစ်ပြိုင်တည်း လုပ်ဆောင်ကြမည်
ဒီဇင်ဘာ 6, 2021 | အခြားဒေသများ

လာမည့် ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ကျရောက်မည့် လူ့အခွင့်အရေးနေ့တွင် မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖေါက်ခံရမှုနှင့် အကြောက်တရား ဖိနှိပ်ခံမှုများအတွက် အသံတိတ်သပိတ် (Silent Strike) ကို လုပ်ဆောင်ကြမည်ဟု သိရသည်။

"ငါတို့မြို့ကို ငါတို့ပိုင်တယ်။ ငါတို့ငြိမ်ချင် ငြိမ်မယ်။ ငါတို့ လှုပ်ချင်လှုပ်မယ်။ ဒါဟာ အသံတိတ်သပိတ် (Silent Strike) ရဲ့ အဓိက အနှစ်သာရပဲ ဖြစ်ပါတယ်။"ဟု Slient Strike Campaing က ဖေါ်ပြသည်။

ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် နံနက် (၁၀)နာရီမှ ညနေ (၄)နာရီအထိ အချိန်အတွင်း လမ်းများတွင် သွားလာနေသည့် ကားများမရှိ၊ သွားလာနေသည့်လူမရှိ၊ ဈေးများမဖွင့်၊ ဆိုင်များမဖွင့်ခြင်းဖြင့် ပါဝင်ကြမည်ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် လူ့အခွင့်အရေး၊ အလုပ်သမားအခွင့်အရေးများမရှိ လွတ်လပ်ခွင့်မရှိသည့် မှောင်အတိ ဝမ်းနည်းဖွယ်ဖြစ်ပျက်နေမှုများကို ဖေါ်ထုတ်သည့်အနေဖြင့် အနက်ရောင်အဝတ်အစားများ ဝတ်ဆင်ကာ အာဏာရှင်ဆန့်ကျင်ရေး သင်္ကေတဖြစ်သည့် လက်သုံးချောင်းထောင်၍ ဓါတ်ပုံမှတ်တမ်းယူကာ လူမှုကွန်ယက်တွင် မျှဝေကြမည်ဟု သိရသည်။

အလားတူ လှုပ်ရှားမှုကို အာဏာသိမ်းမှုကို ဆန့်ကျင်သည့် အသံတိတ်သပိတ်ကို ပြီးခဲ့သည့် မတ်လ (၂၄)ရက်ကတည်း တစ်နိုင်ငံလုံးမှ စစ်အာဏာရှင်ဆန့်ကျင်သူများ ပါဝင်လုပ်ဆောင်ခဲ့ကြသည်။

အာဏာသိမ်းအဖွဲ့ကလည်း ယင်းကဲ့သို့လှုပ်ရှားမှုများလုပ်ဆောင်မှုများအတွင်း အနက်ရောင်ဝတ်သူများကို ဖမ်းဆီးခြင်း၊ ဖုန်းများစစ်ဆေး၍ ဖမ်းဆီးခြင်းများကို လုပ်လေ့ရှိသည်။