တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် Wifi ကြိုးများ စနစ်တကျ မရှိဘဲ လမ်းပေါ် တိုးလို့တွဲလောင်း ကျနေမှုများကြောင့် ယာဉ်များနှင့် မကြာခဏ ချိတ်မိခြင်းများ ဖြစ်ပေါ်

တာချီလိတ်မြို့ပေါ် ရပ်ကွက်အချို့တွင် Wifi ကြိုးများ စနစ်တကျ မရှိဘဲ လမ်းပေါ် တိုးလို့တွဲလောင်း ကျနေမှုများကြောင့် ယာဉ်များနှင့် မကြာခဏ ချိတ်မိခြင်းများ ဖြစ်ပေါ်
ဇူလိုင် 1, 2023 | ရှမ်းရှေ့

 မြန်မာ  - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ပေါ်တွင်   Wifi ကြိုးများ ရှုပ်ထွေးနေမှုများမှာ ရပ်ကွက်တိုင်း နီးပါးဖြစ်ပေါ်နေပြီး ကားများနှင့် မကြာခဏ ချိတ်မိနေပြီး သွားလာရာ အဆင်မပြေမှုများဖြစ်သလို အဆိုပါ ကြိုးများ မကြာခဏ လမ်းပေါ်သို့ ပြတ်ကျမှုများပါ ဖြစ်လေ့ရှိကြောင်း သိရသည်။

ဝမ်ကောင်းဈေးလမ်းမှ ကချင်ရွာသွားရာလမ်းတစ်လျှောက်တွင် ဆက်သွယ်ရေးကြိုးများ နှင့် Wifi ကြိုးများမှာ ရှုပ်ထွေးနေပြီး မကြာခဏ ယာဉ်များနှင့် ချိတ်မိမှုများ ဖြစ်လေ့ရှိသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

"အရင်တုန်းက မီးတိုင်မှာ Wifi ကြိုးတွေ ချိတ်ထားလို့ဆိုပြီး မီးလင်းရေးက ဖယ်ချလိုက်တော့ တိုးလို့တွဲလောင်းတွေ ဖြစ်နေတာ။ wifi ကြိုးတွေကို သူတို့က စုချီထားပေမဲ့ အောက်ကို တွဲလောင်းကျနေတော့ ကားတွေနဲ့ သုံးဘီးတွေက တိုက်တိုက်မိတော့ လမ်းပေါ်ကို ကျကျလာတာတွေ မကြာခဏဖြစ်တယ်"ဟု ဝမ်ကောင်းဈေးမှ ကချင်ရွာသွားလမ်းတလျှောက်တွင် နေထိုင်သူများက Tachileik News Agency သို့ ၂၀၂၃ခုနှစ် ဇူလိုင်လ(၁)ရက်နေ့တွင် ပြောသည်။



Wifi ကြိုးများ တိုးလို့တွဲလောင်း ဖြစ်ပေါ်နေမှုများနှင့် လမ်းပေါ်ကျမှုများကြောင့် ဆိုင်ကယ်များ ညပိုင်းတွင် တိမ်းမှောက်သည်အထိ ဖြစ်သည်ဟု သိရသည်။

"ဒီပြသာနာက မကြာခဏ ဖြစ်နေတာ။ အခုဖြစ်နေတာက Wifi ကြိုးတွေက အဓိက ဆိုပေမဲ့ ဆက်သွယ်ရေးကြိုးတွေ မီးကြိုးတွေလည်းရှိတယ်။ အခုလို လမ်းပေါ် တိုးလို့တွဲလောင်းဖြစ်လာရင် ဘယ်ကို ဆက်သွယ်အသိပေးရမလဲ မသိဘူး။ ဒီလမ်းတလျှောက် အိမ်ရှေ့တွေမှာ ကြိုးတွေ ခဏခဏ ကျတယ်။ ဒီလမ်းပေါ် ညဖက် ဆိုင်ကယ်အရှိန်နဲ့မောင်းလာသူတွေ လမ်းပေါ်ကျနေတဲ့ ကြိုးနဲ့ ဘီးညှိပြီး ဆိုင်ကယ်မှောက်တာတွေတောင် ဖြစ်သေးတယ်။"ဟု ဝမ်ကောင်းရပ်ကွက်အတွင်း နှစ်ပေါင်း (၄၀)ကျော် နေထိုင်လာသူ တစ်ဦးက ပြောသည်။

အင်တာနက်လိုင်းကြိုးများ သွယ်တန်းရာတွင် သတ်မှတ်အမြင့်ပေမှ အန္တရာယ်ကင်းစွာ သွယ်တန်းရန်နှင့် အဆိုပါ အင်တာနက်လိုင်းကြိုးများကြောင့် ထိခိုက်မှုများ ဖြစ်ပွားပါက သက်ဆိုင်ရာကုမ္ပဏီက တာဝန်ယူဖြေရှင်းပေးရန် စည်းကမ်းချက်များကို သက်ဆိုင်ရာများက စာရွက်ပေါ်တွင်သာ ထုတ်ထားသော်လည်း အမှန်တကယ် မြေပြင်ကွင်းဆင်း ကြည့်ရှုခြင်းမရှိ၍ Wifi ကြိုးများမှာ အဓိက အားဖြင့် မြို့ပေါ်ရပ်ကွက်များအနက် ပုန်းထွန်ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ ဆန်ဆိုင်းရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်၊ ရန်အောင်မြေရပ်ကွက် နှင့် ဝိန်းကျောက်ရပ်ကွက်တို့တွင် အဖြစ်များကြောင်း သိရသည်။ 

တာချီလိတ်မြို့ပေါ်  ရပ်ကွက်ပေါင်း (၁၁)ရပ်ကွက် နှင့် ကျေးရွာအုပ်စု(၅)အုပ်စုကို ဝန်ဆောင်မှုပေးနေသည့် Wifi ကုမ္ပဏီများမှာ အရေအတွက်အားဖြင့် (၂၀)ကျော်ရှိကြောင်း သိရသည်။

 

Wifi ကြိုးများ စနစ်တကျ မရှိမှုနှင့် ပတ်သက်၍ လွန်ခဲ့သည့် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့ ည (၈) နာရီဝန်းကျင်ကလည်း  တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်အပိုင်း ပါလျှံမီးပွိုင့်အနီး၌ vigo ကားနောက်ခန်းတွင် မတ်တပ်ရပ်၍ လိုက်ပါလာသည့် ကလေးတစ်ဦးသည် လမ်းမကို ဖြတ်သန်းသွယ်ထားသည့်ပြီး မလွတ်မကင်းဖြစ်နေသည့် Wifi ကြိုးနှင့် ညှိကာ လည်ပင်းကို ရစ်ပတ်မိပြီး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ဖူးသည်။