ကျောက်ထုမြို့နယ်၊ စံတောင်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ ခဲယမ်းတချို့ သိမ်းဆည်းရရှိ

ကျောက်ထုမြို့နယ်၊ စံတောင်အနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်၏ ခဲယမ်းတချို့ သိမ်းဆည်းရရှိ

မကွေးတိုင်း၊ ကျောက်ထုမြို့နယ်၊ စံတောင်အနီးတွင် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် ယောဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်ဒဏ်ရာရသူရှိကာ ခဲယမ်းတ ချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။



၂၀၂၃ခုနှစ်၊ ဇွန်လ(၃)ရက်နေ့၊ ညနေပိုင်းက အင်အား(၁၈၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်စစ်ကြောင်းသည် မကွေးတိုင်း၊ ကျောက်ထုမြို့နယ်အတွင်းရှိ စံတောင်ဘက်သို့ စစ်ကြောင်းထိုးလာခြင်းကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား(၂)ဦးသေကာ (၄)ဦးဒဏ်ရာရသည်ဟု ယောဒေသကာကွယ်ရေးတပ်(YDF)၏ ယနေ့ ဇွန်လ(၄)ရက်နေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။



အဆိုပါစစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်များဖြစ်သည့် ယောနကစစ်ကြောင်း၊ ဂန့်ဂေါခရိုင်တပ်ရင်း(၉)တပ်ခွဲ(၁)၊ ယောချောင်းတပ်ခွဲ - ကျောက်ထု PDF တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



စံတောင်နှင့် ပတ်ဝန်းကျင်ဒေသသည် စစ်ရေးအရ အရေးပါသောနေရာတစ်ခုဖြစ်သောကြောင့် စစ်ကောင်စီတပ်က ထိန်းချုပ်ရန် ကြိုးပမ်းလာခြင်း ဖြစ်သည်ဟု ယောကာကွယ်ရေးတပ်(YDF) က ဆိုသည်။



#TachileikNewsAgency

Photo : ယောကာကွယ်ရေးတပ်(YDF)