တာချီလိတ်မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများနှင့် အိမ်ခန်းငှားနေထိုင်သူများကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် စာရင်းကောက်ယူရာ ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် တိုးလာ

တာချီလိတ်မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများနှင့် အိမ်ခန်းငှားနေထိုင်သူများကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် စာရင်းကောက်ယူရာ ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် တိုးလာ
သြဂုတ် 19, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူများနှင့် အိမ်ခန်းငှားနေထိုင်သူများကို တစ်အိမ်တက်ဆင်း စနစ်ဖြင့် စာရင်းကောက်ယူရာ  ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် တိုးလာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးခွင့်ရှိသူများစာရင်းကို ပြန်လည်တိုက်ဆိုင်စစ်ဆေးရန်အတွက် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူနေရာတွင် အိမ်ခန်းငှားများနှင့် ကျူးကျော်နေထိုင်သူများကို စတင်ကောက်ယူပြီးချိန်၌ ဆန္ဒမဲပေးခွင့်ရှိသူ အရေအတွက် တိုးတက်လာနေကြောင်း သိရသည်။
"ဒီနေ့မှာတော့ အိမ်ငှားတွေကို အဓိကထား ဦးစားပေးပြီး ဆင်းဖြစ်ပါတယ်။ စာရင်းကောက်တဲ့အချိန်မှာ စာရင်းကျန်တာ အခုချိန်ထိ(မနက် (၁၁) နာရီခန့်) လူ (၅၀) ကျော်လောက်ရနေပါပြီ။ အိမ်ငှားတွေဖြစ်တဲ့အတွက် အလုပ်သွားလုပ်နေတဲ့ အချိန်တွေ ဖြစ်နေတယ်။ ညဘက်အလုပ်ဆင်းတဲ့သူတွေကလည်း နိုးလို့မရတဲ့အနေအထား ရှိနေတာပေါ့။ ဒီလူတွေအတွက် အိမ်ခန်းငှားပိုင်ရှင်တွေနဲ့ တွေ့ဆုံခဲ့တယ်။ ကောက်လို့မရတဲ့အခန်းတွေရဲ့ စာရင်းတွေပေးခဲ့တယ်။ အဲဒီစာရင်းတွေကောက်ပြီးတော့ ရပ်ကွက်ရုံးမှာ လာရောက်တိုက်ဆိုင်စစ်ဆေးပေးဖို့ပါ"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ အိမ်ခန်းငှားရမ်းနေထိုင်သူများကို မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် နေ့လည် (၁၂) နာရီအထိ မဲစာရင်းတွင် မပါဝင်သူ (၁၀၈) ဦး၊ လွယ်တော်ခမ်းကျေးရွာအုပ်စုအတွင်းရှိ မယ်ဆိုင်ချောင်းဘေးတွင် ကျူးကျော်နေထိုင်သူများကို မဲဆန္ဒရှင်စာရင်း တိုက်ဆိုင်စစ်ဆေးရာတွင် နေ့လည် (၃) နာရီအထိ မဲစာရင်းတွင် မပါဝင်သူ (၃၀) ဦးကို စာရင်းကောက်ယူနိုင်ခဲ့ခြင်းဖြစ်သည်။
ကျွန်တော်ဒီကိုရောက်တာ (၆) နှစ်လောက်ရှိပြီ။ ၂၀၁၅ တုန်းက မိဘတွေက နယ်မှာဆိုတော့ အဲဒီမှာပဲ မဲပေးတယ်ထင်တယ်။ အခုမဲစာရင်းမှာ ပါ၊ မပါ မေးမကြည့်ရသေးဘူး။ အခုလိုမဲစာရင်းလိုက်ကောက်တော့ ကျွန်တော်တို့လို တစ်နယ်တစ်ကျေးရောက်နေတဲ့သူတွေအတွက် ပိုအဆင်ပြေတာပေါ့။ မဲပေးမယ့်အချိန်မှာ အိမ်မှမပြန်နိုင်တာ"ဟု ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမှ လွယ်တော်ခမ်းကျေးရွာအုပ်စုတွင် လာရောက်နေထိုင်သူ ဦးဗဒင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
၂၀၂၀ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့မနက်ပိုင်းတွင် မဲစာရင်း တိုက်ဆိုင်စစ်ဆေးခြင်းကို ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပါဝင်သည့် ပူးပေါင်းအဖွဲ့များအဖြစ် တာချီလိတ်မြို့တွင် အဖွဲ့ (၁၀) ဖွဲ့၊ တာလေမြို့တွင် အဖွဲ့ (၇) ဖွဲ့၊ ကျိုင်းလပ်မြို့တွင် အဖွဲ့ (၆) ဖွဲ့၊ စုစုပေါင်း (၂၃) ဖွဲ့ကို ဖွဲ့စည်းထားပြီး ၎င်းတို့အဖွဲ့များမှ အဖွဲ့ခွဲငယ်များ ထပ်မံခွဲထုတ်ပြီး ရပ်ကွက်၊ ကျေးရွာများအလိုက် တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းများကို တိုက်ဆိုင်စစ်ဆေးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း
 

  


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~