Covid-19 ကြောင့် ရပ်နားထားရသည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် TBC အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် 1G1 ဟိုတယ်၌ ပြန်လည် ကျင်းပ

Covid-19 ကြောင့် ရပ်နားထားရသည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် TBC အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့တွင် 1G1 ဟိုတယ်၌ ပြန်လည် ကျင်းပ
ဇွန် 19, 2023 | ရှမ်းရှေ့

Covid-19 ကြောင့် ရပ်နားထားရသည့် မြန်မာ - ထိုင်း တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC) အစည်းအဝေးအား ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၉)ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်မြောက်မွေးနေ့တွင် တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းရှိ 1G1 11 Hotel တွင် ကျင်းပပြုလုပ်ခဲ့ပြီး နှစ်ဖက် နယ်စပ်ချောင်းကိစ္စများကို အများဆုံး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြား နှစ်နိုင်ငံစစ်တပ်တို့က ဥက္ကဌအဖြစ် ဆောင်ရွက်ထားကြသည့် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)၏ (၉၇)ကြိမ်မြောက် အစည်းအဝေးကို မြန်မာဘက် အလှည့်ကျအနေဖြင့် တာချီလိတ်မြို့တွင် ကျင်းပပြုလုပ်ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် တာချီလိတ် နှင့် မယ်ဆိုင်အကြား  ထိုင်းဘက် နှင့် မြန်မာဘက်တို့တွင် မယ်ဆိုင်ချောင်းဘေးတလျှောက် ခွင့်ပြုချက်မဲ့ အဆောက်အဦးများ ဆောက်လုပ်ထားခြင်း နှင့် အုတ်တံတိုင်းခြံစည်းရိုးများ ကာရံထားမှုများနှင့် ပတ်သက်၍ နှစ်ဖက် အပြန်အလှန်တားမြစ်မှုများကို ဆွေးနွေးခဲ့ကြသည်။

ယင်းအပြင် တာချီလိတ်ဘက် အဝိုင်းပတ်အနီး ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းရေးကိစ္စ၊ ရေကြီးရေလျှံမှု ကြိုတင်ကာကွယ်နိုင်ရေး ကိစ္စ၊ မြန်မာဘက်က မယ်ဆိုင်ချောင်းအတွင်း စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သည့် ကိစ္စ စသည်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မယ်ဆိုင်ချောင်းတစ်လျှောက် ထိုင်းဘက်က ကင်းလှည့်သလို မြန်မာဘက်ကလည်း ကင်းလှည့်ခြင်းနှင့် တရားမဝင်မှုများကို စောင့်ကြည့်ပေးရန်လည်း ထိုင်းဘက်က ဆွေးနွေးခဲ့ကြောင်း သိရသည်။

တာချီလိတ် နှင့် မယ်ဆိုင်အကြား TBC အစည်းအဝေးကို (၃)လလျှင် တစ်ကြိမ်နှုန်းဖြင့် အလှည့်ကျ ကျင်းပလေ့ရှိပြီး ပြီးခဲ့သည့် (၉၆)ကြိမ်မြောက် TBC အစည်းအဝေးကို ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁၈)ရက်နေ့က ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်ရှိ မယ့်ဖားလုံတက္ကသိုလ်အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် Covid-19 ကြောင့် ပုံမှန် မကျင်းပနိုင်တော့ဘဲ ယခုမှ ပြန်လည် ကျင်းပလာခြင်းလည်း ဖြစ်သည်။

ယခုလို တွေ့ဆုံဆွေးနွေးမှုမှာ တရားဝင်ဆွေးနွေးခြင်းဖြစ်ပြီး Covid-19 ကာလအတွင်းက TBC အနေဖြင့် ယခုလို တရားဝင်မဟုတ်ဘဲ အလွတ်သဘောအနေဖြင့် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။

 မြို့နယ်အဆင့် မြန်မာ - ထိုင်းနယ်ခြားကော်မတီ(TBC)၏ ဖွဲ့စည်းပုံအနေဖြင့် ဥက္ကဌ နှင့် အတွင်းရေးမှူး နေရာများတွင် စစ်တပ် အရာရှိများဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့ နှင့် မြို့နယ်လဝကတို့ ပါဝင်ပြီး ကျသည့် ဌာနဆိုင်ရာများမှာ လေ့လာသူများအဖြစ် အမည်စာရင်းသွင်းကာ တက်ရောက်ကြရခြင်းဖြစ်သည်။

တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့် နယ်ခြားကော်မတီ(TBC)တွင် ဌာနဆိုင်ရာများဘက်က အာဏာသက်ရောက်မှု မရှိဘဲ စစ်တပ်ကသာ အာဏာသက်ရောက်မှုရှိသည့်အတွက် နိုင်ငံ့အာဏာသိမ်းထားသည့် ကာလအတွင်း မယ်ဆိုင် နှင့် ချင်းရိုင်းအတွင်းသို့ တာချီလိတ်ဘက်က စစ်အာဏာရှင်ဆန့်ကျင်သည့် တိမ်းရှောင်သူများနှင့် အလိုရှိသူများကို ဖမ်းဆီးရန် TBC က နှစ်ဖက် စစ်တပ်ချိတ်ဆက်ကာ ဖမ်းဆီးမှုများလည်း ရှိခဲ့သည်။