မယ်စဲ့ရဲစခန်း အပါအဝင် သံလွင်မြစ်ကမ်း အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၃)ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်

မယ်စဲ့ရဲစခန်း အပါအဝင် သံလွင်မြစ်ကမ်း အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း (၃)ခုကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်
ဇွန် 20, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် မယ်စဲ့ရဲစခန်းအပါအဝင် သံလွင်မြစ်ကမ်း အရှေ့ဘက်ခြမ်းရှိ စစ်ကောင်စီ၏ တပ်စခန်း(၃)ခုကို ‌တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၃ခုနှစ် ဇွန်လ(၁၃)ရက်နေ့တွင် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

စစ်ကောင်စီ၏ တပ်စခန်း(၃)ခုဖြစ်သည့် မယ်လနွယ်စခန်း၊ နယ်စပ်အမှတ် BP ၁၄ စခန်း၊ တောင်လုစခန်းနှင့် မယ်စဲ့ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်ထံမှ ၁၂၀ မမ လက်နက်ကြီး နှစ်လက်နှင့် လက်နက်ငယ်(၃၀)ကျော် သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူအပြင် တိုက်လေယာဉ် (၄)စီးဖြင့်ပါ လာရောက်ပစ်ခတ်ခဲ့သည်ဟု Force for Federal Democracy-FFD က ယနေ့ ဇွန်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါဒေသတွင် စစ်ကောင်စီတပ်သည် ၎င်းတို့အထိုင်ချရာ တပ်စခန်း၊ ဂိတ်စခန်းနှင့် မယ်စဲ့မြို့ပေါ်ရဲစခန်းတို့တွင်သာ ထိန်းချုပ်ထားနိုင်ပြီး ကျန်နေရာအများစုသည် တော်လှန်ရေးအင်အားစုများက နယ်မြေစိုးမိုးထားကာ လက်ရှိတွင် စခန်းများ တိုက်ခိုက်သိမ်းပိုက်ခံရသဖြင့် စစ်ကောင်စီတပ်များက စစ်ကြောင်းများ ထိုးနေခြင်းကြောင့် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေသည်ဟု သိရသည်။

စစ်‌ကောင်စီတပ်စခန်းများအား တိုက်ခိုက်မှုကို ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA)၊ ဘော်လခဲပြည်သူ့ကာကွယ်ရေးတပ်(BPDF)၊ ဖားဆောင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)၊ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(KNPLF)၊ Force for Federal Democracy- FFD တို့က ပူးပေါင်း တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency