မယ်စဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူခဲ့သည့်တပ်ဖွဲ့မှာ KNPLFဖြစ်ပြီး BGFတပ်ရင်း(၂)ခု တောပြန်ခို

မယ်စဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူခဲ့သည့်တပ်ဖွဲ့မှာ KNPLFဖြစ်ပြီး BGFတပ်ရင်း(၂)ခု တောပြန်ခို
ဇွန် 20, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ် မယ်စဲမြို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းယူခဲ့သည့်တပ်ဖွဲ့မှာ BGFများပါသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ် မြောက်ရေးတပ်ဦး(KNPLF)ဖြစ်ပြီး တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်ဟု သိရသည်။

၂၀၂၃ခုနှစ် ဇွန်လ(၁၄)ရက်မှစ၍ KNPLFသည် ဌာနချုပ် အခြေစိုက်ရာ ဟို့မြို့သစ်ဝန်းကျင်မှ စစ်ကောင်စီတပ်၏ မယ်စဲမြို့မရဲစခန်း၊ ဗျူဟာကုန်းနှင့် ထိုင်း-မြန်မာနယ်ခြားအမှတ်(BP) 14 တပ်စခန်း၊ BP (15) မယ်တနွယ်စခန်း၊ BP (16) တောင်လှစခန်းတို့ကို တိုက်ခိုက်သိမ်းယူခဲ့သည်ဟု တိုးတက်သောကရင်နီပြည်သူအင်အားစုက ယနေ့ဇွန်လ(၂၀)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်(KNPLF) သည် ၁၉၉၄ ခုနှစ်တွင် စစ်တပ်နှင့် အပစ်အခတ်ရပ်စဲခဲ့သောအဖွဲ့ဖြစ်ကြောင်း သိရသည်။လက်ရှိတွင်လည်း ၂၀၀၉ခုနှစ်က နယ်ခြားစောင့်တပ်(BGF)အဖြစ် အသွင်ပြောင်းခံထားရသည့် KNPLFတပ်ရင်း(၂)ခုသည် KNPLFတပ်ဖွဲ့အဖြစ် ပြန်လည်ရပ်တည်ကာ စစ်ကောင်စီအားတိုက်ခိုက်နေသည်ဟု သိရသည်။

၎င်းတပ်ရင်း(၂)ခုမှာ မယ်စဲ့မြို့နယ် ပန်တိမ်းအခြေစိုက် BGFတပ်ရင်းအမှတ် (၁၀၀၄)နှင့် ရွာသစ်မြို့အခြေစိုက် BGFတပ်ရင်းအမှတ် (၁၀၀၅)တို့ဖြစ်ကာ လက်ရှိတွင် KNPLF(၄၈၇၈)တပ်ရင်းနှင့် (၇၈၉၄)တပ်ရင်းအဖြစ် ပြန်လည်ပြောင်းလဲလာသည်ဟု သိရသည်။ 

စစ်ကောင်စီတပ်က KNPLF၏ ဟိုစဲ့မြို့သစ်မှ ဌာနချုပ်၊ ဖားဆောင်းမြို့၏ သံလွင်မြစ်တဖက်ကမ်းမှ KNPLFစခန်းများ၊ ဂိတ်များကို လေယာဥ်ဖြင့်ဗုံးကြဲခြင်း၊ လက်နက်ကြီး ပစ်ခြင်းတို့ ပြုလုပ်ခဲ့သည်ဟု သိရသည်။တစ်ပတ်အကြာ တိုက်ပွဲများ ပြင်းထန်နေပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လေယာဥ်ပစ်ကူတို့ဖြင့် BGF(၁၀၀၄) စခန်းကို ပြန်လည်တိုက်ခိုက်သိမ်းယူသွားသည်ဟု ဆိုသည်။

လက်ရှိတွင် BGF(၁၀၀၄)စခန်းနှင့် BP(13) တပ်စခန်း တို့ကို တော်လှန်ရေးတပ်များက ပြန်လည်သိမ်းယူနိုင်ရေး ကြိုးပမ်းနေသည်ဟုလည်း သိရသည်။ မယ်စဲ့မြို့နယ် တခုလုံးတွင် စစ်ကောင်စီတပ်များသည် ယင်း (၁၀၀၄)တပ်စခန်းနှင့် BP(13)စခန်း (၂)ခုတွင်သာ တပ်စွဲနိုင်တော့သည်ဟုလည်း သိရသည်။

ဒီးမော့ဆို အရှေ့ခြမ်းသို့ ထိုးစစ်ဆင်ရန် ရောက်ရှိနေသော စစ်ကောင်စီတပ်များ၊ ဖရူဆို-ဘောလခဲနှင့် ဖားဆောင်း အခြေစိုက်စစ် ကောင်စီတပ်များသည် ဖားဆောင်းတွင် အင်အားစုဖွဲ့ပြီး မယ်စဲ့မြို့နယ်ကို ထိုးစစ်ဆင်ရန် ပြင်ဆင်နေသည်ဟုလည်း သိရသည်။

တော်လှန်ရေးတပ်များဘက်က KNPLFနှင့်အတူ KNU/KNLA၊ KNPP/KA၊ KNDFတို့က ပူးပေါင်းတိုက်ခိုက်နေသည်ဟု သိရသည်။

နယ်ခြားစောင့်တပ်(BGF)များထဲတွင် စစ်ကောင်စီကို ပြန်လည် တိုက်ခိုက်သည်မှာ အဆိုပါ KNPLFတပ်ရင်း(၂)ခုသာ ရှိသေးသည်ဟုသိရသည်။

KNPLFသည် စစ်တပ်အာဏာသိမ်းစဉ်ကလည်း ဆန့်ကျင်ရှုတ်ချကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုကြောင်း၊ ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန်နှင့် ပြည်သူနှင့်အတူရပ်တည်ကြောင်း သဘောထား ထုတ်ပြန်ခဲ့သေးသည်။

#TachileikNewsAgency

Photo : ၂၀၂၁ခုနှစ်က မိုင်းလုံးရပ်ကွက် သပိတ်စစ်ကြောင်းတွင် စစ်ကောင်စီတပ်က သေနတ်များစွာ ပစ်ဖောက်သပိတ်ဖြိုခွင်းရာ KNPLF က ပြည်သူဘက်မှ ရပ်တည်ပေးခဲ့စဉ်