ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းကုန်းအား သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားကို ဆေးဝါးကုပေးပြီး လွတ်မြောက်ရာသို့ ပြန်လွှတ်

ရွှေကူမြို့နယ်အတွင်း စစ်ကောင်စီတပ်စခန်းကုန်းအား သိမ်းပိုက်စဉ် ဖမ်းဆီးရမိခဲ့သည့် စစ်ကောင်စီတပ်သားကို ဆေးဝါးကုပေးပြီး လွတ်မြောက်ရာသို့ ပြန်လွှတ်
ဖေဖော်ဝါရီ 17, 2024 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်အတွင်း ရွှေကူမြို့နယ် ရွှေငြိမ်းချမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်ရာ ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်သားအား လွတ်မြောက်ရာသို့ ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း Myo Hla PDF က ယနေ့ ဖေဖော်ဝါရီလ(၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့က စစ်ကောင်စီ၏ ခလရ (၁၀)အထိုင် စခန်းကုန်းအား KIA ပူးပေါင်း PDF  တပ်ရင်းများက စခန်းသိမ်း တိုက်ပွဲလုပ်ဆောင်ခဲ့ရာ တပ်စခန်းအတွင်းမှ တပ်သား ညီညီအောင်အား စစ်သုံးပန်းအဖြစ် ဒါဏ်ရာများဖြင့် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် တပ်သားညီညီအောင်အား KIA တပ်ရင်းမှ ဆေးဝါးများကုသမှုပေးပြီး ပုံမှန်အတိုင်းပြန်ကောင်းသွားပြီ ဖြစ်သဖြင့်လွတ်မြောက်ရာအရပ်သို့ KIA အမှတ်(၅)တပ်ရင်းမှ လမ်းစရိတ်များပေးအပ်ပြီး ဖေဖော်ဝါရီလ(၁၃)ရက်နေ့တွင် လွတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

တပ်မ(၈၈)လက်အောက်ခံ ခလရ (၁၀)တပ်ရင်းတပ်ဖွဲ့များရှိရာ ရွှေငြိမ်းချမ်းကျေးရွာနှင့် (၁) မိုင်အကွာရှိ စစ်ကောင်စီတပ်စခန်းကုန်းအား တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သားများ ထွက်ပြေးလွတ် မြောက်သွားကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာ(၄) စီးဖြင့် ပစ်ခတ်စစ်ကူပေးခဲ့သော်လည်း တော်လှန်ရေးတပ်များက စခန်းအားသိမ်းနိုင်ခဲ့ကာ လက်နက်(၈)လက်နှင့် ခဲယမ်းများ၊ ရိက္ခာအများအပြား သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

အဆိုပါ စခန်းတွင် ခလရ (၁၀) ဗိုလ်မှူး ကိုကိုနိုင် ဦးစီးပြီး အင်အား (၃၀)ခန့်ဖြင့် တပ်စွဲနေထိုင်ထားသည်မှာ တစ်နှစ်ဝန်းကျင်ရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo: Myo Hla PDF