ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးဝန်ထမ်းများ အကြောင်းအမျိုးမျိုးပြ၍ ငွေတောင်းနေ

ရန်ကုန် နိုင်ငံကူးလက်မှတ်ရုံးဝန်ထမ်းများ အကြောင်းအမျိုးမျိုးပြ၍ ငွေတောင်းနေ

ရန်ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်(Passport)ရုံး ဝန်ထမ်းများက လာရောက်လျှောက်ထားသူများထံမှ စာရွက်စာတမ်းကြေး၊ ဂိတ်ကြေး၊ တံဆိပ်တုံးထုခဟုဆိုကာ အကြောင်းအမျိုးမျိုးပြ၍ ငွေကြေးတောင်းယူနေသည်ဟု သိရသည်။

အွန်လိုင်းမှလျှောက်၍ နေ့ရက်ရယူရာတွင် အသစ်လျှောက်ထားပါက ငွေကျပ်(၃၅၀၀၀)၊ ပျောက်ဆုံး၊ ပျက်စီး လျှောက်ထားပါက (၇၅၀၀၀)ကျပ်ကို ဘဏ်သို့ သွင်းပြီးသော်လည်း Passportရုံးတွင် ထပ်မံတောင်းယူနေခြင်းဖြစ်သည်ဟု သွားရောက်လျှောက်ထားသူများက ပြောသည်။

"(၁၅၀၀၀)လောက်ပေးခဲ့ရတယ်။ စာရွက်စာတန်းဖိုး၊ တံဆိပ်တုံးထုခ၊ ဂိတ်ကြေးတဲ့။ မျိုးစုံပြောပြီးတောင်းတာ။ ဒဏ်ကြေးတောင် ပါလိုက်သေးတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ဘွဲ့မယူတဲ့သူတွေကို စာရင်းလုပ်ထားတယ်။ အမှုလုပ်လို့ရတယ်ဆိုပြီးတော့လည်း တောင်းတာပဲ။"ဟု Passport သွားရောက်လျှောက်ထားသူ လူငယ်တစ်ဦးက Tachileik News Agency ကိုပြောသည်။

အွန်လိုင်းစနစ် စတင်ချိန်က ယင်းသို့ငွေကြေးတောင်းယူခြင်းမရှိခဲ့ဘဲ ငွေကြေးတောင်းခံပါက တိုင်ကြားနိုင်ကြောင်း Passportရုံးအတွင်း စာကပ်ထားသော်လည်း ယခုတွင် အရာရှိကိုယ်တိုင်က လစ်လျူရှုထားသည်ဟု ငွေကြေးတောင်းခံရသူများက ဆိုသည်။ 

"QRထုတ်ပေးတဲ့နေရာက  အပြစ်မရှိအပြစ်ရှာပြီး(၅၀၀၀)တောင်းတာပါ။ စာရွက်စာတမ်းတောင်းတာ အကုန်ထုတ်ပေးလိုက်တော့လည်း အရင်က Passport မလုပ်ဖူးလို့တဲ့ ထပ်တောင်းတယ်။"ဟု Passport သွားလုပ်သည့် လူငယ်တစ်ဦးက Tachileik News Agencyကိုပြောသည်။

နိုင်ငံကူးလက်မှတ် Passport ထုတ်ပေးရေးရုံးများကို ၂၀၂၃ခုနှစ် ဖေဖော်ဝါရီ(၂၄)ရက်နေ့တွင် Online Bookingစနစ်သစ်ဖြင့် လျှောက်ထားခွင့်ပြုခဲ့ကာ လျှောက်ထားဘိုကင်ယူထားသူအရေအတွက်မှာ ၂၀၂၃ခုနှစ် နိုဝင်ဘာလအထိရှိလာပြီး လျှောက်ထားသူဦးရေ (၄)သိန်းကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency