တာချီလိတ် ရေပေးဝေရေး လုပ်ငန်းက ရေပြတ်တောက်မှုများ အပါအဝင် ကြိုတင်အသိပေးမှုများနှင့်ပတ်သက်၍ ရေရယူ အသုံးပြုသူများအကြား ပြင်းထန်စွာ ဝေဖန် ခံနေရ

ပုံအညွှန်း -  ၄.၄.၂၀၁၈ ရက်နေ့က ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအဖြစ် ပြုလုပ်ခဲ့သည့် မှတ်တမ်း ဓါတ်ပုံဖြစ်သည်။
ပုံအညွှန်း - ၄.၄.၂၀၁၈ ရက်နေ့က ရေပေးဝေရေးလုပ်ငန်း ဖွင့်ပွဲအဖြစ် ပြုလုပ်ခဲ့သည့် မှတ်တမ်း ဓါတ်ပုံဖြစ်သည်။
တာချီလိတ် ရေပေးဝေရေး လုပ်ငန်းက ရေပြတ်တောက်မှုများ အပါအဝင် ကြိုတင်အသိပေးမှုများနှင့်ပတ်သက်၍ ရေရယူ အသုံးပြုသူများအကြား ပြင်းထန်စွာ ဝေဖန် ခံနေရ
ဇွန် 5, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ပုဂ္ဂလိက ရေပေးဝေရေး လုပ်ငန်းဖြစ်သည့် တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းက   ရေပြတ်တောက်မှုများ မကြာခဏ ဖြစ်ပေါ်နေပြီး ပြင်ဆင်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရေသုံးစွဲသူများကို အလေးထားပြီး ကြိုတင် အသိပေးမှုများမရှိ၍ ရေသုံးစွဲသူများအကြား ပြင်းထန်သည့် ဝေဖန်မှုများ မကြာခဏ ထွက်ပေါ်နေသည်။

"လောတာ ရေ ပြင်ဖို့ရှိတာတွေ၊ ပျက်မှာတွေ ဆိုရင် ကြိုတင်အသိပေးတာ နည်းတယ်။ အသိပေးပြန်တော့လည်း ရေမလာတော့မှ အချိန်လွန် နောက်ကျမှ အသိပေးတာမျိုးလည်းရှိတယ်။ တကယ်ဆို ရေသုံးစွဲသူကို အလေးထားရမယ်။ သူတို့ကို အားကိုးယုံကြည်ပြီး သူတို့ရေကိုပဲ သုံးနေကြတာ။"ဟု ဘိုးဘွားရိပ်သာအနီးနေသူ  တစ်ဦးက ပြောသည်။

တာချီလိတ်မြို့မှ ရေမီတာရယူ အသုံးပြုသူ အများစုမှာ တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းဟု အမည်မခေါ်ကြဘဲ တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေး ကုမ္ပဏီလီမိတက်၏ ဒါရိုက်တာအဖွဲ့ဝင် လွယ်တော်ခမ်းကျေးရွာအုပ်စု အတွင်းမှ ပြည်သူ့စစ်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးလောတာ၏ အမည်ကို အစွဲပြုကာ လောတာ ရေ ဟုသာ ခေါ်ကြခြင်းဖြစ်သည်။



"အရင်တုန်းကတော့ တွင်းရေပဲ သုံးတာ။ အခုက လောတာ ရေကို အားကိုးပြီး တွင်းရေလည်း မသုံးဖြစ်တော့ဘူး။ လောတာ ရေ အဆင်ပြေတယ်ဆိုပြီး ရေတွင်းလည်း မဆယ်တော့ဘဲ ထားတာကြာနေပြီ။ ရေပျက်တာနဲ့ မီးပျက်တာက မတူဘူး။ မီးပျက်တာက ဖယောင်းတိုင် ထွန်းလို့ရတယ်။ ရေပျက်တာက အိမ်သာသွားဖို့ သန့်စင်ဖို့ အဆင်မပြေဘူးလေ။"ဟု ရေမီတာရယူအသုံးပြုသူ တစ်ဦးက ပြောသည်။

"ရေပြတ်တော့ ခဏစောင့်ဆိုင်းပေးပါတဲ့။ ရေပြတ်တောက်တာ နာရီ(၂၀)ကျော်ကြာသွားတယ်။ ရေမီတာဆောင်တာကြတော့ သတ်မှတ်ရက် နောက်ကျတာမျိုးဆို မကြည်ချင်ဘူး။  ရေပြတ်တောက်တာ နာရီ(၂၀)ကျော်ကြာတဲ့အထိဆိုတာ တကယ်ကို မဖြစ်သင့်ဘူးလေ။ ရေမချိုးဘဲနေလို့ရရင် ရမယ် အိမ်သာအတွက်က ရေမရှိရင် မဖြစ်ဘူး။ နောက်ပြီး  ရေပျက်တဲ့နေ့တွေကလည်း သူတို့ ရုံးပိတ်ရက်တွေကများတယ်။ ရေမလာလို့ ဖုန်းဆက်မယ်ဆိုရင် ဖုန်းက ပိတ်ထားတယ်။ ဆက်လို့မရဘူး။"ဟု ပုန်းထွန်ရပ်ကွက်အတွင်းနေသူ တစ်ဦးက ပြောသည်။



တာချီလိတ်ရေပေးဝေရေးလုပ်ငန်း၏ ဝန်ဆောင်မှု တခုဖြစ်သည့် ၎င်းတို့၏ Facebook စာမျက်နှာကနေ လစဉ် ရေအသုံးပြုခ များကို ဖော်ပြပေးနေရာမှ ဆက်လက် မဖော်ပြပေးတော့၍ ပြန်လည်ဖော်ပြပေးရန်လည်း ရေအသုံးပြုသူများက ဆိုသည်။



"တာချီလိတ်မြို့ ရေပေးဝေရေး fb page ကနေ အရင်ကဆိုရင် တစ်လ တစ်လ ရေမီတာခ ဘယ်လောက်ကျလဲဆိုတာကို စာရင်းတင် တင်ပေးတယ်။ ဖေဖော်ဝါရီလအတွက် တင်ပြီးနောက်ပိုင်း အခု မတင်ပေးလာတော့ဘူး။ သူတို့ပြောတာကတော့ ကိုယ်တိုင်စစ်လို့ရတဲ့ စနစ်တခု လုပ်ပေးနေလို့တဲ့ အခုထိကတော့ ရေခသွားဆောင်မှပဲ ဘယ်လောက်ကျတယ်ဆိုတာ သိရတယ်။ ကိုယ်တိုင်စစ်လို့ရတဲ့ စနစ် မရခင်စပ်ကြားတော့ အရင်လို သူတို့ fb page ကနေ တင်ပေးစေချင်တယ်။ အဲ့ဒါမှ ဘယ်လောက်ကျလဲဆိုတာကို ကြိုတင်ရတာပေါ့"ဟု မကာဟိုခမ်းရပ်ကွက်တွင်းနေသူ တစ်ဦးက ဆိုသည်။

ရေပေးရေဝေရေးလုပ်ငန်းအနေဖြင့် ပြည်သူများအကြား အဆင်ပြေစေရန် ချို့ယွင်းမှုများ ဖြစ်ပေါ်လာပါက အလျင်သင့် လျာထားချက်များရှိသင့်ပြီး အကောင်းဆုံး ဝန်ဆောင်မှုများပေးသင့်ကြောင်း လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။



"အခုနောက်ပိုင်း မကြာခဏဆိုသလို ရေပြတ်တောက်တာ ဖြစ်နေတယ်။ လုပ်ငန်းကြီး လုပ်နေပြီး ပလန်(A), ပလန်(B) ဆိုပြီး ရှိသင့်တာပေါ့။ တစ်နေရာ ပျက်ရင် တစ်နေရာကနေ အစားထိုးပေးဖို့ အဆင်သင့်ရှိထားသင့်တယ်။ ဒါမှ ရေသုံးစွဲသူတွေကို အလေးထားတဲ့ ဝန်ဆောင်မှုလည်း ဖြစ်မယ်  နောက်ပြီး ရာသီဥတုအခြေအနေအရ ရေမလုံလောက်မှုတွေ ရှိလာနိုင်တာကိုလည်း တွေးပြီး အသစ်တပ်ဆင်တာတွေလည်း လျှော့သင့်တာပေါ့။ ရေမလုံလောက်ဘဲ အသစ်တွေ တပ်ဆင်ပေးနေရင် ဝန်အားမမျှဘဲ မီတာတွေ ချချပေးနေတဲ့ မိုင်းဖြတ်မီးလင်းရေးလို ဒီထက်ပိုပြီး ပိုးဆိုးပက်စက် ဝေဖန်ခံနေရမယ်။"ဟု ဒေသခံ လုပ်ငန်းရှင်တစ်ဦးက အကြံပြုထောက်ပြသည်။

တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန နှင့် အကျိုးတူပူးပေါင်းလုပ်ဆောင်သည့် ရေပေးဝေရေးစီမံကိန်းအဖြစ်  ၂၀၁၈ခုနှစ် ဧပြီလ(၄)ရက်နေ့က ဖွင့်ပွဲပြုလုပ်ပြီး ရေပေးဝေရေးလုပ်ငန်းများက စတင်လုပ်ကိုင်လာခြင်း ဖြစ်သည်။

တာချီလိတ်(ရှမ်းအရှေ့)ရေပေးဝေရေးလုပ်ငန်းက ရေအသုံးပြုခကို တစ်ယူနစ်လျှင် ကာလပေါက်ဈေး ကျပ်(၁၂၀၀)ကျော်နှင့် ညီမျှသည့် ထိုင်းဘတ်ငွေ(၁၅)ဘတ် သတ်မှတ်ကောက်ခံပြီး လစဉ် (၁၁)နေ့ကနေ (၂၅)ရက်နေ့အတွင်း လာဆောင်နိုင်ပြီး သတ်မှတ်ထားသည့် (၂၅)ရက်နေ့ထက် ကျော်လွန်ပြီးမှ လာဆောင်ပါက ရက်လွန်ကြေးပေးရမည်ဟု ၂၀၂၃ခုနှစ် မေလ(၁၉)ရက်နေ့က အသိပေးကြေညာထားသည်ကိုလည်း တွေ့ရသည်။