တာချီလိတ်ခရိုင်အတွင်း တာလေမြို့ရှိ မအန်ခန်ကျောင်းတိုက်တွင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် သာသနိကအဆောက်အဦးများ ဆောက်လုပ်ပြီးစီး

တာချီလိတ်ခရိုင်အတွင်း တာလေမြို့ရှိ မအန်ခန်ကျောင်းတိုက်တွင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် သာသနိကအဆောက်အဦးများ ဆောက်လုပ်ပြီးစီး
ဖေဖော်ဝါရီ 2, 2020
By Tachileik News Agency

တာချီလိတ်ခရိုင်အတွင်း တာလေမြို့ရှိ မအန်ခန်ကျောင်းတိုက်တွင် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် သာသနိကအဆောက်အဦးများ ဆောက်လုပ်ပြီးစီး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ တာလေမြို့၊ မိုင်းလင်း(အနောက်)ကျေးရွာအုပ်စုရှိ မအန်ခန်ကျေးရွာအတွင်း မအန်ခန်ကျောင်းတိုက်တွင် အလှူရှင်များ စုပေါင်း ဆောက်လုပ်လှူဒါန်းပြီးစီးသည့် သာသနိကအဆောက်အဦးများ ရေစက်သွန်းချမှုပွဲကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂) ရက်နေ့ နေ့လည်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

"ရေစက်ချဖို့ မျှော်လင့်နေတာကြာပြီ။  ဒီလို  လှူဒါန်းပေးတော့ ဝမ်းသာတာပေါ့။ ဒီအလှူရှင်များအားလုံး ကျေးဇူးတင်တယ်။ ဘုန်းဘုန်းလည်းဝမ်းသာတာပေါ့။ ကိုယ်စိတ်နှစ်ဖြာကျမ်းမာ၊ ချမ်းသာပါစေ"

ဟု မအန်ခန်ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးဇောတိက က တာချီလိတ်သတင်းအေဂျင်စီသို့ မိန့်ကြားသည်။

လွန်ခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လ (၂၄) ရက်နေ့က လှုပ်ခတ်ခဲ့သည့် တာလေငလျှင်ကြောင့် မအန်ခန်ကျေးရွာရှိ မအန်ခန်ကျောင်းတိုက်မှ သာသနိကအဆောက်အဦးများ ပြိုကျပျက်စီးခဲ့သဖြင့် အသစ်ပြန်လည်တည်ဆောက် ခဲ့ပြီးနောက် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုများအတွက် တာချီလိတ်မြို့ နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်၏ ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ အမှူးထားပြီး ပင့်သံဃာ အပါး(၇၀) ကျော်တို့ကို လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းကာ ရေစက်သွန်းချခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကျောင်းတိုက်တွင် ဆောက်လုပ်သည့် ဝိဟာရဓမ္မာရုံတော်ကြီး၊ သံဃာသနနှစ်ထပ်ကျောင်းဆောင်၊ ကျောင်းအဝင်မုခ်ဦး နှင့် အခြားသာသနိက အဆောက်အဦများအား ဦးဖရန်စစ် စိုင်းထွန်းရီ နဲ့ ဒေါ်မာဒလေးနာနန်းဝိုးကျန် မိသားစုမှ ဦးဆောင်ကာ ရပ်နီး ရပ်ဝေးမှ အလှူရှင်များ၏ ပါဝင်မှု နှင့်အတူ ရွာသူရွာသားများ၏ စုပေါင်း ပါဝင်မှုကြောင့် အလုံးစုံပြီးမြောက်စေခဲ့ကြောင်း သိရသည်။

"သံဃာတော်တိုက်ရယ်၊ ဓမ္မာရုံရယ်၊ မုဒ်ဦးရယ် ဒီသုံးခုကို (၈) နှစ်လောက်က စဆောက်ခဲ့တာပေါ့။  ဦးဖရန်စစ်စိုင်းထွန်းရီ နဲ့ ဒေါ်မာဒလေးနာနန်းဝိုးကျန်တို့ မိသားစု ဦးဆောင်ပြီးမှ ကျွန်တော်တို့ ရပ်မိရပ်ဖတွေ ရွာသူ ရွာသားတွေ ဝိုင်းလှူပြီးမှ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။ ငလျှင်လှုပ်ပြီးနောက်ပိုင်းပေါ့။ ဒီနေ့ရေစက်ချတာပေါ့၊ သူတို့က လိုတာတွေကို ပံ့ပိုးပေးတယ်။ သံတို့၊ ဘိလပ်မြေတို့ ပြည့်စုံအောင်ရတာပေါ့။ သူတို့မိသားစုကြောင့် ခုလိုကြီးကြီးကျယ်ကျယ် လုပ်နိုင်တာပေါ့။ ရေစက်ချပွဲကို အကြီးအကျယ်လုပ်လိုက်တော့ ရွာသားတွေက တအားပျော်ကြတယ်။ အထူးကျေးဇူးတင်ပါတယ်"

ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်ပြီး အဆိုပါ ကျောင်းတိုက်၏ အလှူရှင်တစ်ဦးဖြစ်သူ ဦးစိုင်းနွံ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မအန်ခန်ကျောင်းတိုက် သာသနိကအဆောက်အဦးများ ရေစက်သွန်းချ အလှူသို့   စစ်ဗျူဟာအဖွဲ့အခြေချ(တာချီလိတ်)မှ စစ်ဗျူမှူး ဗိုလ်မှူးကြီးသော်ဇင်ဦး အပါအဝင် တာချီလိတ်၊ ရန်ကုန်၊ မန္တလေးနှင့်ရပ်နီး ရပ်ဝေးမှ ဖိတ်ကြားထားသူများ၊ အလှူရှင်များနှင့် ရွာသူ ရွာသားများ တက်ရောက်ခဲ့ကြသည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ဟန်စိုးထိုက် ၊ ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~