မယ်ဆိုင်ချောင်းအတွင်း တာချီလိတ်ဘက်က ပြန်လည်တူးဖော်နေမှုကို (၅) ရက်ခန့် ဆိုင်းငံ့ပေးရန် မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများ တောင်းဆို

မယ်ဆိုင်ချောင်းအတွင်း တာချီလိတ်ဘက်က ပြန်လည်တူးဖော်နေမှုကို (၅) ရက်ခန့် ဆိုင်းငံ့ပေးရန် မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများ တောင်းဆို
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency
 မယ်ဆိုင်ချောင်းအတွင်း တာချီလိတ်ဘက်က ပြန်လည်တူးဖော်နေမှုကို (၅) ရက်ခန့်ဆိုင်းငံ့ပေးရန် မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများ တောင်းဆို

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းတွင် ထိုင်းနိုင်ငံဘက်မှ ရေမြောင်းသွယ်ယူနေသဖြင့် နုန်းဖို့နေသည့် တာချီလိတ်ဘက်ခြမ်း၌ ရေနည်းနေသဖြင့် စက်ယန္တယားဖြင့် နုန်းတူးဖော်ခြင်းလုပ်ဆောင်နေမှုကို (၅)ရက်ခန့် ဆိုင်းငံ့ ပေးရန် ထိုင်းနိုင်ငံဘက် တာဝန်ရှိသူများက ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၆)ရက်နေ့တွင် တောင်းဆိုထားသည်။

ကျွန်တော်တို့မယ်ဆိုင်ချောင်းမှာ ကုက္ကိုဆိပ်အောက်ပိုင်းကနေ တံတား (၂) အထိရေ မရှိတော့တဲ့ကိစ္စပေါ့။ မယ်ဆိုင်ချောင်း ရေပျောက်သွားတဲ့ ကိစ္စပေါ့။ ကိုယ့်ချောင်းဘက်မှာ သောင်တွေထွန်းနေတာ၊ အမှိုက်တွေ တင်နေတာတွေ ချောင်းတူးဖို့ ခရိုင်အုပ်ချုပ်ရေးမှူးက ညွှန်ကြားတာပေါ့။ မြို့နယ်အုပ်ချုပ်ရေးမှူးက TBC ကနေစာပို့တယ်။ စာပို့တော့ ဆောင်ရွက်ရမယ့်ကိစ္စကို လာညှိနှိုင်းတာပေါ့

ဟု တာချီလိတ်ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဟန်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နှစ်နိုင်ငံရေခွဲဝေသုံးစွဲရေးစာချုပ်အရ တာချီလိတ်မှတာဝန်ရှိသူများနှင့် မယ်ဆိုင်မြို့မှတာဝန်ရှိသူများသည် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၆) ရက်နေ့ မနက် (၉) နာရီတွင် ရွှေနန်းတော်ကုန်တိုက်တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ချိန်၌ မယ်ဆိုင်ဘက်မှ တာဝန်ရှိသူများက ယင်းကဲ့သို့ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

နယ်စပ်ဖြစ်သည့် မယ်ဆိုင်ချောင်းရေကို ထိုင်းနိုင်ငံဘက်က မြန်မာဘက်သို့ အကြောင်းမကြားဘဲ ရေသွယ်မြောင်း (၄) ခုဖြင့် စိုက်ပျိုးရေများ ရယူသုံးစွဲနေမှုကြောင့် မြန်မာဘက်ခြမ်းတွင် ရေနည်းပါးလာပြီး သောင်ထွန်းမှုများရှိလာခြင်းဖြစ်သည်။

သူတို့နဲ့ဆွေးနွေးတော့ ရေရှိအောင် လုပ်ပေးမယ်။ ရေတံခါးတွေပိတ်ပေးမယ်ပေါ့။ ကျွန်တော်တို့ကို မတူးဖို့ပြောတယ် 

ဟု တာချီလိတ်ခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ(မြို့ပြ) ဦးဟန်ထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ချောင်းအတွင်း မြန်မာဘက်ခြမ်း၌ နုန်းတူးဖေါ်ခြင်းဆောင်ရွက်မည့်အကြောင်း TBC မှတစ်ဆင့် အကြောင်းကြားစာ ပေးပို့ပြီး ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် စက်ယန္တရားများဖြင့် နုန်းဆယ်ယူမှုများ လုပ်ဆောင်ခဲ့ရာ ဖေဖေါ်ဝါရီလ (၂၆) ရက်နေ့တွင် နှစ်နိုင်ငံတာဝန်ရှိသူများပါဝင်သည့်အဖွဲ့ဖြင့် မြန်မာဘက်ခြမ်းမှ ချောင်းတွင်းတူးဖော်မည့်နေရာများနှင့် ချောင်းရေနည်းပါးသည့်နေရာများကို ကွင်းဆင်းကြည်ရှုခဲ့ကြခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ မယ်ဆိုင်နှင့် မြန်မာနိုင်ငံ တာချီလိတ်ကြားရှိ မယ်ဆိုင်ချောင်းမှ ချောင်းရေကို စိုက်ပျိုးရေသုံးစွဲရန်အတွက် မယ်ဆိုင် လယ်သမားများက ခွင့်ပြုချက်မရှိဘဲ ချောင်းအတွင်း ကွန်ကရစ်လောင်း၍ ရေတားတမံပြုလုပ်ခြင်း၊ ဝါးများဖြင့်တား၍ ဆည်ပြုလုပ်ခြင်းများ နှစ်စဉ်ပြုလုပ်သဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများ နှစ်စဉ် ညှိနှိုင်းဆွေးနွေးခဲ့ကြရခြင်းဖြစ်သည်။ 

Tachileik News Agency
သတင်း -  ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~


~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~