TNLA က SSPP တိုက်နယ်မှူး စိုင်းမောင်အောင် ကိုပြန်လွှတ်

TNLA က SSPP တိုက်နယ်မှူး စိုင်းမောင်အောင် ကိုပြန်လွှတ်
နိုဝင်ဘာ 8, 2023 | 2021 Military Coup| ရှမ်းမြောက်

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)သည် SSPP တိုက်နယ်မှူး စိုင်းမောင်အောင်ကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ကြားတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)တပ်တို့ ပစ်ခတ်မှုကို နှစ်ဖက်မဟာမိတ်ရုံးများမှ ဆက်သွယ်ဖြေရှင်းသွားမည်ဟုလည်းဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ (၆)ရက်နေ့က SSPP တပ်ဖွဲ့ဝင် (၁၀)ဦးအဖွဲ့သည် မူဆယ်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်ကြား ကားလမ်းမကြီးအား တာဝန်ယူထားသည့် TNLAတပ်ဖွဲ့၏ မိုင်းဆက်ရွာ၊ ဖိုင်ကျောင်းရွာ၊ မန်ဖာရွာလုံခြုံရေးစခန်းတို့ကို လာရောက်ဓာတ်ပုံရိုက်ယူခဲ့သည်ဟု ဆိုသည်။

ထို့နောက် SSPPက ရိုက်ယူထားသည့် ဓာတ်ပုံများအား TNLAဘက်က ဖျက်ခိုင်းခဲ့ပြီး နောင်တွင်ယင်းကဲ့သို့မပြုလုပ်ရန် သတိပေး၍ ပြန်လွှတ်လိုက်ပြီးနောက် နိုဝင်ဘာလ (၇)ရက်နေ့တွင် SSPPမှ တိုက်နယ်မှူး စိုင်းမောင်အောင်က စခန်းများအား ထပ်မံဓာတ်ပုံရိုက်ယူခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထို့ကြောင့် တိုက်နယ်မှူး စိုင်းမောင်အောင်အား ခေတ္တခေါ်ယူမေးမြန်စုံစမ်းနေစဉ် SSPPမှ အရာရှိ စိုင်းလင်းနှင့် အဖွဲ့က စတင်ပစ်ခတ်ခဲ့သဖြင့် ပစ်ခတ်မှုအတွင်း TNLAမှ ရဲဘော်(၄)ဦးကျဆုံးကာ (၂)ဦးဒဏ်ရာရပြီး SSPPမှ ရဲဘော်(၄)ဦးကျဆုံးကာ (၂)ဦး ဒဏ်ရာရရှိခဲ့သည်ဟု TNLA၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြဿနာထပ်မံမကြီးစေရန် နှစ်ဖက်ခေါင်းဆောင်များက ထိန်းညှိသွားမည်ဖြစ်ပြီး နှစ်ဖက်၏ မဟာမိတ်ရေးရာရုံးမှ အပြန်အလှန်ဆက်သွယ်ကာ ဖြေရှင်းသွားမည့်အပြင် မဟာမိတ်အား ရှေ့ရှုသောအားဖြင့် စိုင်းမောင်အောင်ကို ရပ်မိရပ်ဖထံ အပ်နှံပြီးဖြစ်ကြောင်လည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ရှမ်းလူငယ်ကွန်ရက်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)ပါတီတို့ကလည်း စိုင်းမောင်အောင်ကို အမြန်ဆုံးပြန်လွှတ်ပေးရန်နှင့် ၎င်းသည် ရှမ်းမြောက်ဒေသ စစ်ဘေးဒုက္ခသည်များအား ကူညီပေးနေသူဖြစ်သည်ဟု ထုတ်ပြန်တောင်းဆိုခဲ့ပြီး SSPP ဘက်ကမူ သီးခြားထုတ်ပြန်ထားခြင်း မရှိပါ။

#TachileikNewsAgency

Photo : News & Information Department