မိုခါ မုန်တိုင်းကြောင့် ပုလဲမြို့နယ်အတွင်း စိုက်ဧက(၂၇၀၀ )ကျော် ပျက်ဆီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် ခက်ခဲနေ

မိုခါ မုန်တိုင်းကြောင့် ပုလဲမြို့နယ်အတွင်း စိုက်ဧက(၂၇၀၀ )ကျော် ပျက်ဆီးခဲ့ပြီး ပြန်လည်စိုက်ပျိုးရန် ခက်ခဲနေ

 မိုခါ မုန်တိုင်းဒဏ်ကြောင့် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ကျေးရွာပေါင်း( ၃၄ )ရွာ ရေနစ်မြုပ်ခဲ့ပြီး နွေရာသီစိုက်ပျိုးလယ်ယာဧက ( ၂၇၀၀ )ကျော် ပျက်ဆီးခဲ့သဖြင့် ပြန်လည်စိုက်ပျိုးရန် ခက်ခဲနေကြောင်း သိရသည်။

မုန်တိုင်းကြောင့် မြောက်ယမားဆည်မှ လယ်ယာများအတွက် စိုက်ပျိုးရေပေးဝေနေသည့် ပင်မမြောင်းနှင့် လက်တံမြောင်းတချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

"ပင်မမြောင်းကနေ လယ်ယာတွေကို ရေပေးဖို့ အဓိက အမှီပြုနေတဲ့ လက်တံမြောင်း (၁၀)ခု ရှိပါတယ်။ ပင်မမြောင်းပျက်စီးခဲ့လို့ လက်တံမြောင်း( ၁၀ )မြောင်းမှာ အမှီပြုနေတဲ့ ဆည်ရေသောက် လယ်ဧက ( ၁၀,၀၈၂ )ဧက မိုးစပါးစိုက်ပျိုးဖို့ ခက်ခဲနေပါတယ်။"ဟု ပုလဲမြို့ နယ်မှ ဒေသခံတစ်ဦးက Tachileik News Agency ကို ၂၀၂၃ခုနှစ် မေလ(၂၇)ရက်နေ့တွင် ပြောသည်။

ဒါ့အပြင် လက်ယာမြောင်းလည်းပျက်ဆီးခဲ့ပြီး ယင်းမြောင်းအပေါ် အမှီပြုနေသည် ဆည်ရေသောက် လယ်ဧက( ၇,၀၀၀ ) ဧက ကျော်မှာလည်း မိုးစပါးစိုက်ပျိုးရေးအတွက် ခက်ခဲနေသည်ဟု သိရသည်။

ပင်မမြောင်း ပျက်စီးမှုကို ပြန်လည်ပြင်ဆင်မည်ဆိုပါက ကျပ်သိန်းပေါင်းထောင်နှင့်ချီ၍ ကုန်ကျမည်ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ရေပေဝေရေးမြောင်းများကို အမှီပြုနေသည့် လယ်ဧက စုစုပေါင်း ( ၁၇,၀၈၂ )ဧကမှာ တစ်ဧကလျှင် စပါးတင်း( ၈၀ )ဝန်းကျင် ထွက်‌ပြီး အဆိုပါမြောင်းများကို အချိန်မှီ မပြင်ဆင်နိုင်ပါက မိုးစပါးစိုက်ပျိုးမှုမှ ထွက်ရှိလာမည့် စပါးတင်းပေါင်း( ၁၃ )သိန်းကျော် ဆုံးရှုံး နိုင်သည်ဟု သိရသည်။

ပုလဲမြို့နယ်တွင် မိုခါ မုန်တိုင်းကြောင့် တံတား ( ၁၇ )စင်း၊ လမ်း ( ၂၃ )လမ်း၊ စပါး၊ နှမ်း၊ ပဲ၊ ဆန် တင်း‌ထောင်ချီ၊ ကြက်သွန် ပိဿာ ( ၅ )သောင်းခန့်၊ တခြား အိမ်တွင်းပစ္စည်းများနှင့် နွား၊ဆိတ်၊ သိုး၊ ဝက်အကောင်ရေ ( ၂၀၀ )ဝန်းကျင် သေဆုံးပျက်စီး ခဲ့ရကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။