ကျောက်ဖြူမြို့ကို စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့၊ ငါးဖမ်းနေသည့် ဒေသခံ ၁၅ ဦးကို ဖမ်းဆီးသွား

ကျောက်ဖြူမြို့ကို စစ်ကောင်စီတပ်က ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့၊ ငါးဖမ်းနေသည့် ဒေသခံ ၁၅ ဦးကို ဖမ်းဆီးသွား

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ကို စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားပြီး ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့တွင် ငါးဖမ်းနေသူ (၁၅)ဦးကိုလည်း ဖမ်းဆီးသွားကြောင်း ရက္ခိုင့်တပ်တော်(AA)ထံမှ သိရသည်။

စစ်ကောင်စီဘက်မှ ကျောက်ဖြူမြို့နယ်ရှိ ကျေးရွာအုပ်စုများအား မြို့ပေါ်သွားလာခွင့်ပိတ်ပင်တားဆီးမှုသည် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများ စတင်ဖြစ်ပေါ်ခဲ့သည်ကို အကြောင်းပြ၍ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၉)ရက်နေ့အထိ ကန့်သတ်မိန့်ထုတ်ပြန်ထားခြင်းဖြစ်သည်ဟု သိရသည်။ 

ကျောက်ဖြူမြို့တွင် စစ်ကောင်စီတပ်မှ ကုန်းလမ်း၊ ရေလမ်းပိတ်ဆို့ထားမှုကြောင့် ကျောက်ဖြူမြို့အနီးရှိ ကျေးရွာများမှ ဒေသခံများမှာ မြို့ပေါ်တက်၍ဆေးကုသရန် ခက်ခဲနေသဖြင့် (၁၀)တန်းကျောင်းသားတစ်ဦး အချိန်မီဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရသည်ဟု သိရသည်။ 

ကျောက်ဖြူအခြေစိုက် ခလရ (၃၄)တပ်ရင်းနှင့် ကျောက်ဖြူမြို့မရဲစခန်းတို့ ပူးပေါင်းတပ်ဖွဲ့များမှ မြစ်နားတန်းရပ်ကွက်ရှိ မြစ်ကမ်းနံဘေးတွင် ငါးဖမ်းနေသည့် ဒေသခံ (၁၅)ဦးကိုလည်း အတင်းအဓမ္မဖမ်းဆီးခေါ်သွားကာ မြို့မရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။   

ပြီးခဲ့သည့် ဒီဇင်ဘာလ (၂၅)ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ် စစ်ကောင်စီတပ် ခမရ (၅၅၀)တပ်ရင်းသည် စပါးရိတ်သိမ်းနေသည့် ဒေသခံများအား စပါးခင်းပတ်ပတ်လည်တွင် မိုင်းထောင်ထားသဖြင့် ကိုက်(၆၀၀)အတွင်းက စပါးခင်းများကို ရိတ်သိမ်းခွင့်မရှိကြောင်း ခြိမ်းခြောက်ပြီးတားမြစ်ခဲ့သည်ဟု သိရသည်။

အမ်းမြို့နယ်တွင်လည်း ယမန်နေ့က ကဇုကိုင်း၊ တောဟိန်းတောင်အခြေစိုက် စစ်ကောင်စီတပ်မှ အထက်ရွာဟောင်းကျေးရွာအား လက်နက်ကြီးနှင့် ပစ်ခတ်ခဲ့သဖြင့် နေအိမ် (၂)လုံး ထိမှန်ပျက်စီးခဲ့ပြီး စာသင်ကျောင်း၏ အရှေ့ဘက် ‌ရေတွင်းအနီးကိုလည်း ကျရောက်ပေါက်ကွဲခဲ့ခြင်းကြောင့် ရေတွင်းနံရံတချို့ ပျက်စီးခဲ့သည်ဟု သိရသည်။ 

ယမန်နေ့တွင်ပင် ရသေ့တောင်မြို့နယ် စေတီတောင်ကျေးရွာနှင့် ဆင်ခုန်းတိုင်ကမ်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီး(၇)လုံးဖြင့် ပစ်ခတ်ခဲ့ရာ အသက် (၁၃)နှစ်အရွယ် အလယ်တန်းကျောင်းသားတစ်ဦးအပါအဝင် ဒေသခံအမျိုးသမီး(၂)ဦးနှင့် မွတ်ဆလင်အမျိုးသားတစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency