မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အဆောက်အဦးများ ပျက်စီးပြီး အရပ်သားထိခိုက်မှုရှိ‌

မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများနှင့် ပစ်ခတ်သဖြင့် ဘုန်းကြီးကျောင်း အပါအဝင် နေအိမ်အဆောက်အဦးများ ပျက်စီးပြီး အရပ်သားထိခိုက်မှုရှိ‌

 ရှမ်း - ကယားနယ်စပ်၊ မိုးဗြဲမြို့ကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ မေလ( ၂၇ )ရက်၊ နံနက်ပိုင်းက ဗုံးကြဲတိုက်ခိုက်နေသဖြင့် နေအိမ်အဆောက်အဦးများ ထိမှန်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သလို အရပ်သား ထိခိုက်မှုများလည်းရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များသည် ယနေ့ နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားနေရာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု (၁၀)ကြိမ်ဝန်းကျင် လုပ်ခဲ့ပြီး မိုးဗြဲမြို့ပေါ်ရှိ နေရာအများစုကို လေယာဉ်စက်သေနတ်ဖြင့် (၇)ကြိမ်ပတ်ပစ်၍ ပေါင်(၅၀၀) ဗုံးသီးဖြင့် ( ၃ )ကြိမ် ကြဲချခဲ့ကြောင်း သိရသည်။

 

"လေယာဉ်စက်သေနတ်ကြောင့် ပေါ်ဦးရပ်ကွက်က အရပ်သားတချို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ လေယာဉ်စက်သေနတ်ကြောင့် ဒဏ်ရာရရှိသူတွေထဲမှာ ကလေးငယ်တွေ ပါတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို မေလ( ၂၇ )ရက်နေ့၏ နေ့လည်ပိုင်းတွင် ပြောသည်။

 

စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် ညောင်းဝိုင်းဘုန်း ကြီးကျောင်းမှာလည်း လေယာဉ်ဗုံးကြောင့် ပျက်စီးမှုများပြီး ၎င်းကျောင်းအနီးရှိ မဟာဓာတ်အားလိုင်းကြိုးများလည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

မေလ( ၂၃ )ရက်နေ့၊ ညပိုင်းကလည်း စစ်ကောင်စီတပ်၏ လေ ကြောင်းဗုံးကြဲ၍ လက်နက်ကြီးနှင့်ပစ်ခတ်မှုကြောင့် စစ်ဘေးရှောင်တစ်ဦးဒဏ်ရာရပြီး နေအိမ်နှစ်လုံးပျက်စီးခဲ့သေးသည်။

 

Photo: MBN