တာချီလိတ်မြို့တွင် လျှပ်စစ်မီတာလျှောက်ထားရန်အတွက် ရပ်ကွက်ထောက်ခံစာ ရယူစဉ် ငွေကြေးပေးနေရ

တာချီလိတ်မြို့တွင် လျှပ်စစ်မီတာလျှောက်ထားရန်အတွက် ရပ်ကွက်ထောက်ခံစာ ရယူစဉ် ငွေကြေးပေးနေရ
မေ 26, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ပေါ် ဆန်ဆိုင်း(ခ)ရပ်ကွက်အပိုင်း ဝမ်မိုင်ရွာတွင် လျှပ်စစ်မီတာလျှောက်ထားရန် လိုအပ်သည့် ရပ်ကွက်ထောက်ခံစာအတွက် ရပ်ကွက်ရုံးက အများဆုံး ထိုင်းဘတ်ငွေ (၅,၀၀၀)အထိ တောင်းခံမှုများ ပြုလုပ်လေ့ရှိကြောင်း သိရသည်။

"ဝမ်မိုင်ရွာထဲက ရပ်ကွက်ရုံးမှာ မီတာပေါက်လျှောက်ဖို့ ရပ်ကွက်ထောက်ခံစာသွားယူတာကို ဘတ်(၄,၀၀၀)ကနေ ဘတ်(၅,၀၀၀)အထိ တောင်းတယ်။ ဝမ်မိုင်မှာ လုပ်စားနေကြတာ ကြာပြီ"ဟု ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်းနေသူ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရပ်ကွက်ထောက်ခံစာရယူရန် ငွေကြေးပေးရသည်မှာ ဝမ်မိုင်ရွာတစ်ခုတည်းမဟုတ်ဘဲ မကာဟိုခမ်းရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက် အပါအဝင် မြို့ပေါ် ရပ်ကွက်များအားလုံးတွင် ကောက်ခံကြပြီး ကောက်ခံသည့် ငွေကြေးပမာဏမှာ အဆောက်အဦးပေါ် မူတည်ပြီး အနည်းဆုံး ဘတ်(၁,၀၀၀)ကနေ ဘတ်(၅,၀၀၀)အထိ တောင်းခံကြကြောင်း သိရသည်။



တာချီလိတ်မြို့တွင် အချို့နေရာများတွင် လာအိုလျှပ်စစ်မီးကို စတင်အသုံးပြုနေသလို များသောအားဖြင့် ထိုင်းလျှပ်စစ်မီကို အဓိက အသုံးပြုနေရာ လျှပ်စစ်မီးတာရရှိရေးအတွက် မြို့မီးလင်းရေးရုံးတွင် ထိုင်းဘတ်ငွေ သောင်းချီပေး၍ လျှောက်ထားနေရသလို ယခုလို အချို့ရပ်ကွက်များတွင် မီတာလျှောက်ထားရေး ရပ်ကွက်ထောက်ခံစာပြုလုပ်ရာတွင်လည်း ၂၀၂၃ခုနှစ် မေလ(၂၅)ရက်နေ့အထိ ငွေကြေးပေးနေရသည်ဟု သိရသည်။

ရပ်ကွက်အတွင်း ထောက်ခံစာရယူခြင်းနှင့် ဧည့်စာရင်းကြေးများ ကောက်ခံခြင်းမပြုလုပ်ရာ ခရိုင်/မြို့နယ်စုပေါင်းရုံးတွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို မြို့နယ်အုပ်ချုပ်ရေးမှူးက ခေါ်ယူ သတိပေးမှုများ ပြုလုပ်ထားသည့် ဖြစ်စဉ်များရှိခဲ့ပြီး ဧည့်စာရင်းကြေး ကောက်ခံရသည့် ရပ်ကွက်များက ၎င်းတို့အနေဖြင့် ဧည့်စာရင်းကြေး ကောက်ခံခြင်း မရှိဟုလည်း အစည်းအဝေးတွင် လိမ်လည်ပြောဆိုခဲ့သည်ဟုလည်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် မြန်မာကျပ်ငွေထက် ထိုင်းဘတ်ငွေကိုသာ တန်ဖိုးထား၍ သုံးစွဲနေကြခြင်းဖြစ်ပြီး  သက်ဆိုင်ရာဌာနများကနေ အောက်ခြေအဆင့်အထိ အဂတိလိုက်စားမှုများမြောက်သည့် လာဘ်ငွေများကို ထိုင်းဘတ်ငွေများဖြင့်သာ တောင်းခံနေကြခြင်း ဖြစ်သည်။