တာချီလိတ်မြို့တွင် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်သူများထံ လဝက က တရားဝင် သတ်မှတ်ကြေးမဟုတ်ဘဲ တောင်းချင်သလို တောင်းနေ

တာချီလိတ်မြို့တွင် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် ပြုလုပ်သူများထံ လဝက က တရားဝင် သတ်မှတ်ကြေးမဟုတ်ဘဲ တောင်းချင်သလို တောင်းနေ
မေ 25, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် တဖက် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ကို သွားရောက်ရန်အတွက် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် လာရောက် ပြုလုပ်သူများထံ  လဝက က တရားဝင် သတ်မှတ်ကြေး မဟုတ်ဘဲ အပိုဆောင်း ငွေကြေးများ တောင်းချင်သလို တောင်းနေကြောင်း သိရသည်။ 

"တံတား(၁)မှာ ဟိုးအရင်တုန်းက တံတားကူး ယာယီလက်မှတ်လုပ်တဲ့အခါ ဓါတ်ပုံရိုက်တာ ပိုက်ဆံ မပေးရဘူး။ အခု ဓါတ်ပုံရိုက်ခဆိုပြီး တစ်ယောက်ကို ဘတ်(၂၀)တောင်းနေတယ်။ နောက်ပြီး အပေါ်မှာလည်း အဲ့ယာယီလက်မှတ်ပေါ် တံဆိပ်တုံးထုတော့ တုံးထုခ ဆိုပြီး မသိရင် မသိသလို (၁၀)ဘတ်ဆိုပြီး ထပ်တောင်းတယ်။ ဘာလို့ တောင်းတာလဲလို့ ပြန်ပြောရင်တော့ မပေးရဘူးပေါ့။ တကယ်က အောက်မှာ ကျပ်(၁,၀၀၀)ယူထားပြီးကတည်းက ဒါက ပါပြီးသားကို အပေါ်မှာ (၁၀)ဘတ် ထပ်တောင်းတာပေါ့။ ဘာမှမသိ နားမလည်သူတွေကတော့ အပေါ် (၁၀)ဘတ်၊ အောက် ဘတ်(၂၀)ပေးနေရတာပဲ"ဟု ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ် သွားရောက် ပြုလုပ်ခဲ့သူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် မေလ(၂၅)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မှ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်ရန်အတွက် တာချီလိတ်ဘက် မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားအောက်ရှိ လက်မှတ်ပြုလုပ်ရာ နေရာတွင် ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်ရန် မှတ်ပုံတင်နှင့်ကျပ်(၁,၀၀၀)သာ လိုအပ်ကြောင်း တရားဝင် သတ်မှတ်ထားခြင်း ဖြစ်သော်လည်း ပုံရိုက်ခ ဟုဆိုကာ ဘတ်(၂၀) တရားမဝင် ကောက်ခံနေခြင်း ဖြစ်သည်။

"တံတားအောက်မှာ လက်မှတ်လုပ်ခ ကျပ်(၁,၀၀၀)အပြင် ဓါတ်ပုံရိုက်ခပါ ဘတ်(၂၀)ထပ် ကောက်တယ်။  တချို့ မသိတဲ့လူဆို တခါ သွားတိုင်း ပုံရိုက်ခဆိုပြီး ဘတ်(၂၀) ပေးရတယ်။ တချို့က ဘာလို့ ဘတ်(၂၀) ကောက်တာလဲ မေးလိုက်တော့။ မပေးချင်လဲ ရတယ်လို့ လဝက က ပြန်ပြောတယ်။"ဟု ဒေသခံတစ်ဦးက ပြောသည်။

ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ဖြင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် (၆)ညအိပ် (၇)ရက် သွားရောက်နိုင်သည်။



ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်ရာတွင် နယ်စပ်ဖြတ်သန်းလက်မှတ် အမျိုးအစား (၂)မျိုး ရှိသည်အနက် "တစ်နှစ်စာ တံတားကူးစာအုပ်"မှာ တာချီလိတ် အိမ်ထောင်စုစာရင်းရှိသူများသာ ပြုလုပ်နိုင်မည်ဖြစ်ပြီး တစ်နှစ်စာ စာအုပ်အတွက် မှတ်ပုံတင် မူရင်းနှင့်မိတ္တူ၊ အိမ်ထောင်စုစာရင်း မူရင်းနှင့်မိတ္တူ နှင့် လိုင်စင်ဓါတ်ပုံ (၁)ပုံ နှင့် ကျပ်(၈၀၀)သာ လိုအပ်မည်ဖြစ်ပြီး ယာယီနယ်စပ် ဖြတ်သန်းခွင့်လက်မှတ်ပြုလုပ်ရန် မှတ်ပုံတင်နှင့်ကျပ်(၁၀၀၀)သာ လိုအပ်ကြောင်း သိရသည်။



 "တစ်နှစ်စာ တံတားကူးစာအုပ်"ပြုလုပ်ခကို ဝန်ကြီးဌာနက တရားဝင်အနေဖြင့် ကျပ်(၈၀၀)သာ ကောက်ခံကြောင်း နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသော်လည်း လက်တွေ့တွင် တာချီလိတ်၌ ထိုင်းဘတ်ငွေ (၁၀၀) ကောက်ခံနေခြင်းဖြစ်သည်။