အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ သွေးမအေးကြောင်း ပြသခြင်းအဖြစ် ဆဲဗင်းဂျူလိုင် အခမ်းအနား ပြုလုပ်

အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ သွေးမအေးကြောင်း ပြသခြင်းအဖြစ် ဆဲဗင်းဂျူလိုင် အခမ်းအနား ပြုလုပ်
ဇူလိုင် 7, 2023 | 2021 Military Coup

 ရန်ကုန်ရှိ အင်းစိန်ထောင်အတွင်း ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများက ၂၀၂၃ခုနှစ် ဇူလိုင်လ(၇)ရက်နေ့တွင် ကျရောက်မည့် 7 July နေ့အခမ်းအနားကို ထောင်တွင်း၌ ပြုလုပ်မည်ဟု သိရသည်။

ဇူလိုင်လ(၇)ရက်နေ့တွင် ကျရောက်သည့် ကျောင်းသားများ၏ ဖက်ဆစ်စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုနှင့် သမဂ္ဂအဆောက်  အဦးဖြိုချ ဖျက်ဆီးခံရခြင်း (၆၁)နှစ်ပြည့်အထိမ်းအမှတ်ကို ထောင်တွင်း၌ ၂၀၂၁ နွေဦးတော်လှန်ရေးမှ အဖိနှိပ်ခံနိုင်ငံရေး အကျဉ်းသားများအင်အစုက ပြုလုပ်မည်ဟု ထောင်တွင်းစာမှာ ၂၀၂၃ခုနှစ် ဇူလိုင်လ(၆)ရက်နေ့တွင် ကြိုတင်ထွက်ရှိခဲ့ခြင်းဖြစ်သည်။

"အင်းစိန်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်တွင်းမှာ ငြိမ်ခံမနေဘူးဆိုတာ အပြင်ကလူတွေ သိစေချင်ပါတယ်။ ဒီစာထုတ်လို့ အထဲမှာ အရေးယူခံရမယ်ဆိုတာ သိပေမယ်လည်း အပြင်ကလူတွေကို အထဲမှာ သွေးမအေးဘူး။ ငြိမ်ခံမနေဘူးဆိုတာ သိစေချင်လို့ စာထုတ်ရတာ ဖြစ်ပါတယ်။"ဟု ထောင်တွင်းနှင့်နီးစပ် သူတစ်ဦးက Tachileik News Agency ကို ပြောသည်။

ထို့အပြင် ကျောင်းသားသမဂ္ဂ အဆောက်အဦးနှင့် ရုံးခန်းများအား နဂိုမူလနေရာတွင် ပြန်လည် ‌တည်ဆောက်ထားနိုင်ရေး ပြောကြားဆွေးနွေးခြင်း၊ နွေဦးတော်လှန်ရေး၏ လက်ရှိအခြေအနေနှင့် ဦးဆောင်မှုအခန်းကဏ္ဌအပေါ်  ဝေဖန်သုံးသပ်ခြင်း၊ ဗမာလူမျိုးကြီးဝါဒ ပပျောက်ရေးနှင့် တိုင်းရင်းသားလူမျိုးအားလုံး၏ နိုင်ငံရေးအခန်းကဏ္ဍအပေါ် ဆွေးနွေးတိုင်ပင်ခြင်းများ လုပ်ဆောင်ကြောင်း သိရသည်။