မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် သွေးထွက်သံယိုမှုများ ထပ်မံမဖြစ်ပွားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း 

မြန်မာနိုင်ငံတွင် ပဋိပက္ခနှင့် သွေးထွက်သံယိုမှုများ ထပ်မံမဖြစ်ပွားရန် တရုတ်နိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း 

မြန်မာနိုင်ငံတွင် နောက်ထပ် ပဋိပက္ခနှင့် သွေးထွက်သံယိုမှု မဖြစ်ပွားအောင် ကာကွယ်ရန် နှင့် အခြေအနေကို တတ်နိုင်သမျှ အမြန်ဆုံး အေးငြိမ်းသက်သာအောင် လုပ်ဆောင်ရန် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ၂၀၂၁ ခုနှစ် မတ်လ ၇ ရက်နေ့တွင် တိုက်တွန်းလိုက်သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖေါ်ပြထားသည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် တင်းမာမှုများ လျော့ကျအောင် အပြုသဘောဆောင်သော အခန်းကဏ္ဍတစ်ခုမှ ပါဝင်သွားရန် အသင့်ရပ်တည်လျက်ရှိသည်ဟုလည်း ဝမ်ရိကပြောကြားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီလ (၁) ရက်နေ့က ပြည်သူတင်မြှောက်ထားသည့် အစိုးရအား စစ်တပ်က ဖမ်းဆီးပြီး နိုင်ငံတော်အာဏာသိမ်းလိုက်ခြင်းကို တရုတ်အပါအဝင် မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှလွဲ၍ နိုင်ငံတကာက ချက်ချင်းပြစ်တင်ရှုံ့ချမှုများ လုပ်ခဲ့ကြခြင်းဖြစ်သည်။



ယင်းအပြင် အာဏာသိမ်းထားသည့်ကာလအတွင်း မြန်မာနှင့်တရုတ်ကြား နေ့စဉ်ကုန်တင်လေယာဉ်များ ပျံသန်းပြေးဆွဲမှုကြောင့် စစ်အာဏာသိမ်းမှုနောက်ကွယ်တွင် တရုတ်၏အားပေးထောက်ခံမှုပါဝင်သည်ဟု လူထုက ယူဆလာကြပြီး တရုတ်ကို စစ်အာဏာရှင်အား အားမပေးရန် တောင်းဆိုမှုများကို တရုတ်သံရုံးရှေ့တွင် လုပ်ဆောင်ခဲ့ကြခြင်းဖြစ်သည်။



ယင်းသို့လုပ်ဆောင်လာမှုကြောင့် မြန်မာနိုင်ငံတွင်းမှ ဖြတ်သယ်နေသည့် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ ပိုက်လိုင်းအပေါ်  စိုးရိမ်လာသည့်တရုတ်က ဖေဖော်ဝါရီလ (၂၃) ရက်နေ့တွင် တရုတ်နှင့် မြန်မာအစိုးရအကြား တရုတ်စီမံကိန်းများ၏ အန္တရာယ်ကင်းရှင်းရေးနှင့်လုံခြုံရေးဆိုင်ရာ ပူးတွဲအစည်းအဝေးကို အာဏာသိမ်းထားသည့် စစ်တပ်က ဖွဲ့စည်းထားသည့် အုပ်ချုပ်ရေးအဖွဲ့ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။



ယင်းအစည်းအဝေးတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြင်ပလုံခြုံရေးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Bai Tian မြန်မာ-တရုတ် ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းသည် BRI ၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်ပြီး ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းထိခိုက်ပါက နှစ်နိုင်ငံလုံးတွင် ကြီးမားသည့် ဆုံးရှုံးမှုဖြစ်ပေါ်စေနိုင်သည်ဟု ဆွေးနွေးထားကြောင်း သိရသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ်တို့ကို ဖြတ်သန်းသွယ်တန်းထားသည့် တရုတ်ရေနံနှင့်သဘာ၀ဓာတ်ငွေ့ပိုက်လိုင်းမှာ ကီလိုမီတာ ၈၀၀ ရှည်လျားပြီး ပိုက်လိုင်း လုံခြုံရေးအတွက်  ရဲတပ်ဖွဲ့အပြင် တပ်မတော်ကပါ တာဝန်ယူထားသည်ဟု ဆိုသည်။