တာချီလိတ်မြို့တွင် မြေထိန်းနံရံ နေအိမ်ပေါ်သို့ ပြိုကျမှုကြောင့် အိပ်ပျော်နေသည့် လင်မယား(၂)ဦး သေဆုံး

တာချီလိတ်မြို့တွင် မြေထိန်းနံရံ နေအိမ်ပေါ်သို့ ပြိုကျမှုကြောင့် အိပ်ပျော်နေသည့် လင်မယား(၂)ဦး သေဆုံး

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(ခ)ရက်ကွက် လွယ်စတုံသွားလမ်းအနီးရှိ အပိုင်း(ဈ)အနီးတွင် ကျောက်ရိုးစီ မြေထိန်းနံရံသည် နေအိမ်ပေါ် ပြိုကျမှုကြောင့် အိပ်ပျော်နေသည့် လင်မယား(၂)ဦး သေဆုံးသွားကြောင်း သိရသည်။



ဖြစ်စဉ်မှာ ၂၀၂၃ခုနှစ် မေလ(၁၃)ရက်နေ့ ညပိုင်းက မိုးရွာသွန်းမှုများကြောင့် ရေများစိမ့်ဝင်ပြီး ဖို့မြေများ အိကျလာကာ ကာရံထားသည့် ကျောက်ရိုးစီမြေထိန်းနံရံသည် မေလ(၁၄)ရက်နေ့ နံနက်(၃)နာရီဝန်းကျင်အချိန်က သွပ်မိုး ဝါးထရံနေအိမ်ပေါ်သို့ ပြိုကျလာရာမှ နေအိမ်အတွင်း အိပ်ပျော်နေသည့် လင်မယား(၂)မှာ မြေများပိမိပြီး သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

သေဆုံးသွားသူများမှာ အသက်(၂၃)နှစ်အရွယ် ကိုနေအောင် နှင့် အသက်(၂၂)နှစ်အရွယ် မဇလပ်ဖြူတို့ ဖြစ်ကြပြီး အမျိုးသားဖြစ်သူမှာ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ ဆည်တိုကျေးရွာအုပ်စု ရွှေဆည် (ဆည်ကွဲ)ကျေးရွာမှ ဖြစ်ကြောင်း သိရသည်။ 

သေဆုံးသူ၏ ရုပ်အလောင်းများကို မြေထဲကနေ သက်ဆိုင်ရာစုပေါင်းအဖွဲ့များက ရှာဖွေရေးများပြုလုပ်ပြီးနောက် ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းက အခင်းဖြစ်ပွားရာနေရာကနေတဆင့် ရင်ခွဲရုံသို့ ပို့ဆောင်ပြီးနောက်  ထိုမှတဆင့် ပါလျှံအလိုတော်ပြည့် ဘုန်းကြီးကျောင်းရှိ နာရေးဆောင်သို့ ကူညီပို့ဆောင်ပေးထားကြောင်း သိရသည်။

အလားတူဖြစ်စဉ်မျိုး တာချီလိတ်မြို့တွင် ၂၀၁၄ခုနှစ် ဇူလိုင်လ(၁၃)ရက်နေ့ နံနက်(၃)နာရီအချိန်က တာချီလိတ် ဝမ်ကောင်းရပ်ကွက်အတွင်း သရက်တောဘုန်းကြီးကျောင်းအနီးရှိ နေအိမ်အခန်းငှားတွင် ဖြစ်ပွားခဲ့ပြီး ကျောက်စီမြေထိန်းနံရံသည် နေအိမ် အခန်းငှားပေါ် ပြိုကျမှုကြောင့် ကလေးငယ်(၃)ဦးနှင့် လူကြီး(၄)ဦး စုစုပေါင်း (၇)ဦး သေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်လည်း ရှိခဲ့ဖူးသည်။

တာချီလိတ်မြို့တွင် မြေကွက်များဖော်ဆောင်ရာ၌ အချို့ မြေကွက်ပိုင်ရှင်များမှာ မြေကွက်ညီရန် ဖို့မြေများကို အသုံးပြုပြီး လုပ်ဆောင်ရာ အမြင့်ပိုင်းနေရာများတွင် ယခုလို ကျောက်စီမြေထိန်းနံရံများ နှင့် အုတ်စီမြေထိန်းနံရံများ ပြုလုပ်လေ့ရှိသည်။ 

 

Photo: ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်း