"ဝ"ဒေသ ဟိုပန်မြို့တွင် မည်သည့်အလုပ် လုပ်ရမည်ကို သေချာ မသိရသော်လည်း လစာကောင်းသည့် အလုပ်ရမည်ဟု ပွဲစား၏ ဖျားယောင်းမှုကြောင့် ရှမ်း(မြောက်)မှ အမျိုးသမီးအများစု ရောက်ရှိပြီး KTV နှင့် အနှိပ်ခန်းတွင် အလုပ် လုပ်နေရ

"ဝ"ဒေသ ဟိုပန်မြို့တွင် မည်သည့်အလုပ် လုပ်ရမည်ကို သေချာ မသိရသော်လည်း လစာကောင်းသည့် အလုပ်ရမည်ဟု ပွဲစား၏ ဖျားယောင်းမှုကြောင့် ရှမ်း(မြောက်)မှ အမျိုးသမီးအများစု ရောက်ရှိပြီး KTV နှင့် အနှိပ်ခန်းတွင် အလုပ် လုပ်နေရ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ "ဝ"ဒေသ ဟိုပန်မြို့တွင် မည်သည့်အလုပ်  လုပ်ရမည်ကို သေချာ မသိရသော်လည်း လစာကောင်းသည့် အလုပ်ရမည်ဟု ပွဲစား၏ ပြောဆိုမှုများကြောင့် အမျိုးသမီးအများအပြား ရောက်ရှိနေကြပြီး အများစုမှာ  KTV နှင့် အနှိပ်ခန်းတွင် အလုပ် လုပ်ကိုင်နေရကြောင်း သိရသည်။ 

"ဝ"ဒေသ ဟိုပန်မြို့တွင် အမျိုးသမီးတချို့သည် KTV နှင့် အနှိပ်ခန်း၌  အလုပ် လုပ်ရမည်ကို သိရှိကြသူများရှိသလို အချို့အမျိုးသမီးများမှာ စားသောက်ဆိုင်တွင် အလုပ် လုပ်ရမည်ဟုသာ သိထားရပြီး ပွဲစားကနေ တဆင့် လိုက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။ 

"ပလောင်မလေးတွေ ပိုများတယ်။ သူတို့ အယောက် (၁၂၀) လောက်ရှိတယ်။ ဟိုပန်က အနှိပ်ခန်းတွေမှာ သူတို့ကို လုပ်ခိုင်းတာ။ တချို့ ပလောင်မလေးတွေက သူတို့ဘာလုပ်ရမယ်မှန်း မသိဘူး။ အလုပ်ရမယ်ဆိုပြီး လိုက်လာတာ။ အရင်က ဒီမှာလုပ်တဲ့ ပလောင်တွေတော့ ရှိတယ်။ သူတို့က ဆိုင်တွေမှာပဲ လုပ်တာ" ဟု ဟိုပန်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါ အမျိုးသမီးများသည် ၂၀၂၃ခုနှစ် ဧပြီလကုန်ပိုင်းက ဟိုပန်မြို့သို့ ရောက်လာပြီး တအာင်းဒေသ မန်တုံမြို့နယ်ထဲမှ အများစုဖြစ်ကြောင်းနှင့် ပွဲစားက အလုပ်ရမည်ဟုပြောကာ ဟိုပန်မြို့သို့ ခေါ်ဆောင်လာပြီးနောက် အမျိုးသမီး (၁၀၀)ကျော်သည် KTV နှင့် အနှိပ်ခန်းတွင် အလုပ်နေကြရကြောင်း သိရသည်။

"ပလောင်မလေးတွေကြီးပဲ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ခါက ပလောင်မလေးတွေ တအားများတယ်။ ပွဲစားကနေတဆင့် လာကြတာ။ ငယ်ငယ်လေးတွေ မနူးမနပ် အရွယ်တွေပဲ။ မန်တုံဘက်ကလူတွေ များတယ်"ဟု ၎င်းက ဆက်ပြောသည်



ဖွံ့ဖြိုးတိုးတက်မှု အရှိန်မြှင့်တင်နေသည့် မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေသတွင်း အလုပ်အကိုင် ရှားပါးလာမှုကြောင့် ပွဲစားများက လစာကောင်းသည့်အလုပ် ရမည်ဟု ဖျားယောင်းကာ မက်လုံးပေးပြီး လိမ်လည်ခေါ်ယူ ရောင်းစားခံရသည့် အခြေအနေများကို ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်းရှိ အမျိုးသမီးအများစု နှင့် လူငယ်များ ကြုံတွေ့နေကြရသည်။