မိထွေးအား ( ၃ )ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ရန် ကြိုးစားမှု နှင့် ရိုက်နှက်မှု ဖြစ်ပွား 

မိထွေးအား ( ၃ )ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ရန် ကြိုးစားမှု နှင့် ရိုက်နှက်မှု ဖြစ်ပွား 

 ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း တအာင်း (ပလောင်)ဒေသ မန်တုံမြို့နယ် လွယ်ကန်ကျေးရွာအုပ်စုထဲမှ ကျေးရွာတစ်ရွာတွင် မိထွေး(မိဒွေး)ဖြစ်သူအား အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ ရိုက်နှက်မှုအထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

လွယ်ကန်ကျေးရွာအုပ်စုထဲမှ ကျေးရွာတစ်ရွာတွင် နေထိုင်သည့် အသက်(၃၀)ဝန်းကျင်ရှိ မောင်လူသည် ၎င်း၏ အသက်(၅၀)ဝန်းကျင်ရှိ မိထွေးဖြစ်သူအား (၃)ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ရန် ကြိုးစားရာမှ ရိုက်နှက်မှုအထိ ဖြစ်ပွားခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။ 



ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်းက  မောင်လူသည် ၎င်းအား အဓမ္မပြုကျင့်ရန် (၂)ကြိမ်း ကြိုးစားခဲ့သလို ၂၀၂၃ခုနှစ် ဧပြီလ(၅)ရက်နေ့ကလည်း နောက်ထပ် တစ်ကြိမ် ကြိုးစားသည့်အတွက် မအောင်မြင်၍ မိထွေးဖြစ်သူအား လှေကားပေါ်မှ တွန်းချကာ ရိုက်နှက်ခဲ့ကြောင်း ကာယကံရှင်က ပြောပြသည်။



“သူ ကျွန်မကို ကျူးလွန်ဖို့ ကြိုးစားတာ ဒီတစ်ကြိမ်နဲ့ဆိုရင် (၃)ကြိမ်ရှိပြီ။  ဒီတစ်ကြိမ်လည်း သူကျွန်မကို လာကိုင်ဖို့ ကြိုးစားတော့ ကျွန်မအော်ပြီး ရုန်းထွက်လာတဲ့အချိန်မှာ ကျွန်မကို လည်ပင်းညစ်ပြီးတော့ လှေကား ပေါ် တွန်းချပြီး ပြန်ရိုက်တယ်။ နှုတ်ခမ်းကို ထိုးတယ်။ အဲလိုရိုက်တဲ့အချိန် ရွာသားတွေ လာတွေ့တာ” ဟု ဖြစ်စဉ်အကျဉ်းအား ကာယကံရှင် အမျိုးသမီးက ပြောပြသည်။ 

ကျူးလွန်ရန် အကြိမ်ကြိမ် ကြိုးပမ်းသူ မောင်လူသည် သားသမီး ( ၂ ) ဦးနှင့် အိမ်ထောင်ရှိသူဖြစ်ပြီး  ၂၀၂၃ခုနှစ် ဧပြီ (၆)ရက် ညနေ (၇)နာရီ၌ မောင်လူအား တအာင်းတပ်မတော် (PSLF/TNLA)၏ အုပ်ချုပ်ရေးဌာနက လာရောက် ဖမ်းဆီးသွားကာ ချုပ်နှောင်ထားပြီး အရေးယူသွားမည်ဟု ဒေသတွင်းမှ PSLF/TNLA ၏ တာဝန်ရှိသူက ဆိုသည်။

၎င်းကို ဖမ်းဆီးလာပြီး စစ်ဆေးရာ မိခင်တစ်ယောက်လို သဘောထားပြီး ကိုင်တာဖြစ်ကြောင်း၊ မိထွေးက ၎င်းကို သားတစ်ယောက်လို သဘောမထား၍ စိတ်ဆိုးကာ လည်ပင်းညှစ် ရိုက်နှက်ခဲ့ကြောင်းနှင့် အဓမ္မပြုကျင့်ရန် ကြိုးစားခြင်း  မဟုတ်ကြောင်း ငြင်းဆိုခဲ့သည်ဟု ၎င်းက ပြောသည်။

ကျူးလွန်ခံရသူ အမျိုးသမီးသည် ကျန်းမာရေး မကောင်းသေးသောကြောင့် ကျူးလွန်သူ မောင်လူကို ချုပ်ထားပြီး အရေးယူမှု ဆက်လက် လုပ်ဆောင်သွားမည်ဟု ဆိုသည်။

 “သူအဲလို ရိုက်နေတဲ့အချိန် သူ့အဖေ (မောင်လူရဲ့အဖေ)လည်း ဘေးမှာ ရှိနေတယ်။ သူ့သားကို အဲလိုမလုပ်ဖို့ တားခိုင်းတာကို သူ့အဖေက မတားဘဲ အဲအတိုင်း လွှတ်ထားတယ်”ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

မောင်လူသည် ၎င်း၏ဇနီးကိုလည်း ရိုက်နှက်တာရှိပြီး ယခင်ကလည်း တခြားအမျိုးသမီးနှင့် ဖောက်ပြန်တာတွေ ကျူးလွန်ခဲ့ဖူးတဲ့သူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောပြသည်။