ကျိုင်းတုံမြို့  ဝစီပိတ်ဆရာတော်၏ ဗုဒ္ဓဥယျာဉ်အတွင်း ထီးတော်တင်ပွဲသို့ အာဏာသိမ်းစစ်ခေါင်းဆောင်  တက်ရောက်

ကျိုင်းတုံမြို့  ဝစီပိတ်ဆရာတော်၏ ဗုဒ္ဓဥယျာဉ်အတွင်း ထီးတော်တင်ပွဲသို့ အာဏာသိမ်းစစ်ခေါင်းဆောင်  တက်ရောက်
မေ 13, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ဝစီပိတ်ဆရာတော်၏ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်အတွင်း တည်ထားသည့် သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး အထက်ဌာပနာတော် ရွှေထီးတော်အထွတ်တင်အောင်ပွဲ နှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်မဟာမင်္ဂလာသွင်းလှူပူဇော်ခြင်း အခမ်းအနားကို ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၃)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ရာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်  တက်ရောက်ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ပုံမှန်အားဖြင့် ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်းမှ ဒေသခံ သိန်းနှင့်ချီ တက်ရောက်ကြမည်ဖြစ်သော်လည်း ယခုအခါတွင် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် ၏ လုံခြုံရေးအဓိက ထားကာ အကန့်သတ်များစွာတို့ကြောင့် လူဦးရေ ထင်သလောက်အများအပြား မသွားရောက်နိုင်ကြကြောင်း သိရသည်။

"ထီးတင်ပွဲက လူတိုင်းသွားလို့မရဘူး။ အကန့်အသတ်တွေရှိတယ်။ ဘုန်းကြီးတစ်ပါးဆိုရင် ကပ္ပိယ ဘယ်နှစ်ဦးပဲ ပါရမယ်ဆိုတဲ့အထိ ကန့်သတ်ထားတယ်။ ဝစီပိတ်ဆရာတော်ရဲ့ အမာခံ ဒါယိကာ ဒါယိကာမတွေ့နဲ့ တာချီလိတ်နဲ့ ကျိုင်းတုံက လုပ်ငန်းရှင်တွေတော့ လာကြတယ်။ တကယ်က ဒီပွဲမှာ လူဦးရေ သိန်းနဲ့ချီများသင့်တာ။ အခုတော့ တာချီလိတ်က လွယ်ယွန်းခမ်းစေတီ ထီးတင်ပွဲလောက် လူမများဘူး"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ထီတင်ပွဲအပြီး နောက်တနေ့ဖြစ်သည့် မေလ(၁၄)ရက်နေ့တွင် ကျိုင်းတုံမြို့ သီလဓမ္မကုန်းသာ တောရကျောင်းတိုက်၏ ပဓာနနာယက  အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် ဘဒ္ဒန္တကောဝိဒ (ဝစီပိတ်ဆရာတော်)၏ သက်တော်(၆၆)နှစ်ပြည့် မွေးနေ့ကိုလည်း  သီလဓမ္မကုန်းသာ တောရကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားရှိကြောင်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်  နှင့် အဖွဲ့သည် ကျိုင်းတုံမြို့သို့ ၂၀၂၃ခုနှစ် မေလ(၁၁)ရက်နေ့ကတည်းက ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။