စစ်တွေမြို့ဒေသခံအများအပြား မေလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ဘေးလွတ်ရာကို တိမ်းရှောင်နေကြ

စစ်တွေမြို့ဒေသခံအများအပြား မေလ(၁၃)ရက်နေ့ နံနက်ပိုင်းတွင် ဘေးလွတ်ရာကို တိမ်းရှောင်နေကြ

 ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအနက် မြို့နယ် (၇)ခုကို မုန်တိုင်းဝင်ရောက်နိုင်သော အနီရောင်အဆင့်အဖြစ် သတ်မှတ်ပြီးနောက် ၂၀၂၃ခုနှစ်၊ မေလ(၁၃)ရက်နေ့၏ နံနက်ပိုင်းတွင် စစ်တွေမြို့နေ ဒေသခံအများအပြား ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။ 

အဆိုပါဒေသခံများသည် ကျောက်တော်၊ မြောက်ဦးနှင့် အခြားကုန်း မြင့်ဒေသများသို့ တိမ်းရှောင်နေကြခြင်းဖြစ်ကြောင်း သိရသည်။

"ပြောင်းရွေ့တာကတော့ အကုန်ပြောင်းရွေ့နေကြပြီ။ တချို့ဆို နယ်ဘက်တွေကို သွားတာတွေရှိတယ်။ အခြေအနေကတော့ ဆိုး လာမယ်လို့ ယူဆတာပေါ့။ တချို့တွေကတော့ ဘုန်းကြီးကျောင်း တွေမှာ ခိုလှုံနေတာတွေလည်းရှိတယ်။"ဟု စစ်တွေမြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

မေလ(၁၂)ရက်နေ့တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲကော်မတီက စစ်တွေ၊ ပေါက်တော၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့် ကျောက်ဖြူ၊ မာန်အောင် မြို့နယ်တို့ကို အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးထုတ်ပြန်ထားသည်။



 

မိုးဇလပညာရှင် ဦးဝင်းနိုင်က စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ တောင်ကုတ်မြို့၊ မအီ စသည့်မြို့နယ်များနှင့် ရခိုင်ကမ်းရိုတန်း စစ်တွေအနီးဒေသများကို လှိုင်းလုံးကြီးများဝင်ရောက်လာနိုင်သည်ဟု ပြောဆိုထားသည်။

"ပြောင်းတဲ့လူတွေပြောင်းကြတယ်။ အခုတော့ လေတော့ မတိုက်သေးဘူး။ မိုးဖွဲရွာနေတယ်။"ဟု စစ်တွေ့ ဒေသခံတစ်ဦးက ယနေ့ မေလ(၁၃)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က ပြောသည်။

မေလ (၁၃)ရက်နေ့တွင် မိုခါဆိုင်ကလုန်းမုန်တိုင်းသည် တစ်နာရီလျှင် လေတိုက်နှုန်း ၁၂၇ မိုင်( 110 Knots) ရှိနေပြီး မေလ (၁၄)ရက်နေ့ ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော် ဝင်ရောက်ချိန်တွင် တစ်နာရီလျှင် လေတိုက်နှုန်း ၁၃၈ မိုင်(  120 knots ) ဖြင့် ဝင်ရောက်မည်ဖြစ်ကာ လေတိုက်နှုန်းသည် တစ်နာရီလျှင် ၁၆၆ မိုင်နှုန်း ( 145 Knots) အများဆုံး ရှိနိုင်ကြောင်း JTWC Tropical Warnings က ခန့်မှန်းဖော်ပြထားသည်။