အာဏာသိမ်းစစ်အုပ်စုက ကချင်ပြည်နယ်အတွင်း  ရပ်/ကျေးအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခိုင်းထား

အာဏာသိမ်းစစ်အုပ်စုက ကချင်ပြည်နယ်အတွင်း  ရပ်/ကျေးအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ ဖွဲ့စည်းခိုင်းထား
သြဂုတ် 8, 2022 | အခြားဒေသများ

နိုင်ငံအတွင်း  မြို့နယ်များရှိ အောက်ခြေ ရပ်ကွက်/ကျေးရွာအုပ်စုများ အဆင့်အထိ အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက  ကချင်ပြည်နယ်အတွင်း ရပ်ကွက်/ကျေးရွာ အောက်ခြေအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို အဖွဲ့(၁၀)ဖွဲ့စုပေါင်းပြီး ဖွဲ့စည်းရန်   ညွှန်ကြားထားပြီး ဖားကန့်မြို့တွင် ဩဂုတ်လ(၁၅)ရက်နေ့ အမည်စာရင်းပေးပို့ရန် ညွှန်ကြားထားကြောင်း သိရသည်။

ကချင်ပြည်နယ်အတွင်း အောက်ခြေအဆင့် ရပ်ကွက်ပြည်သူ့လုံခြုံရေးအဖွဲ့ (သို့မဟုတ်)ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေးအဖွဲ့အတွက် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး/ကျေးရွာတာဝန်ခံအဖွဲ့၊ ဆယ်အိမ်မှူးများ၊ စစ်မှုထမ်းဟောင်းအဖွဲ့၊ ရဲမှုထမ်းဟောင်းအဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့၊ ကြက်ခြေနီအဖွဲ့ နှင့် ကျေးရွာမိကျေးရွာဖအဖွဲ့ အပြင် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အားပေးထောက်ခံသည့် YMBA ဘာသာရေးအဖွဲ့ တို့ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။

အောက်ခြေ ရပ်ကွက်/ကျေးရွာအဆင့်အနေဖြင့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းရန်အတွက် ရပ်ကွက်ပြည်သူ့လုံခြုံရေးအဖွဲ့ (သို့မဟုတ်)ကျေးရွာအုပ်စုပြည်သူ့လုံခြုံရေးအဖွဲ့အတွက် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ ကျေးရွာတာဝန်ခံ/ရာအိမ်မှူးများက ဒုတိယအဖွဲ့ခေါင်းဆောင်အဖြစ် ပါဝင်ရမည်ဖြစ်ပြီး ပြည်သူ့စစ်အပါအဝင် ဝန်ထမ်းဟောင်းနှင့်ရပ်မိရပ်ဖ၊ အရန်မီးသတ်နှင့်ကြက်ခြေနီတို့က (၁၀)ဦးခန့်စီ ပါဝင်ရမည်ဖြစ်ကာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို အားပေးထောက်ခံသည့် YMBA ဘာသာရေးအဖွဲ့ က (၅)ဦးခန့် ပါဝင်ရမည်ဟု သိရသည်။

"မြို့နယ်အဆင့်တွေကို အရင်ဖွဲ့စည်းခိုင်းတာ၊ အဲ့ဒါပြီးတော့မှ အခုလို ရပ်/ကျေးအဆင့်တွေကို ဖွဲ့ခိုင်းတာပေါ့။ ရှမ်းပြည်နယ်ဘက်တော့ ဇူလိုင်လကတည်းက အောက်ခြေအဆင့်ကို ဖွဲ့စည်းထားကြပြီ။ အဓိက ကတော့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကနေ တဆင့် ဖွဲ့စည်းပေးရတာပဲ။ အခုတော့ ကချင်ပြည်နယ်ဘက်လည်း ဖွဲ့စည်းနေကြပြီ၊ လက်တွေ့အဖွဲ့အစည်းဖြစ်မလား၊ ထုံးစံအတိုင်း စာရွက်ပေါ်မှာပဲ အမည်ခံအဖွဲ့ဖြစ်မလားဆိုတာတော့ မပြောတတ်သေးဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတာကလည်း အပေါ်က ခိုင်းသမျှ လုပ်ရတဲ့ အဆင့်ပဲရှိတော့တာ။"ဟု ကချင်ပြည်နယ်အတွင်းမှ သတင်းရင်းမြစ်တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ပြည်သူ့အစိုးရလက်ထက်က ယခုလို ဖွဲ့စည်းရန် အစီအစဉ်များမရှိခဲ့သော်လည်း အရပ်သားအစိုးရကို ဖမ်းဆီးထောင်ချပြီး အာဏာသိမ်းထားသည့် စစ်တပ်သည် ၎င်းတို့အား တော်လှန်ပုန်ကန်သူ လျော့နည်းရန် နှင့် ပြည်သူအချင်းချင်း တိုက်ခိုက်ရန်တာ ရည်ရွယ်ပြီး ယခုလို  မြို့နယ်နှင့်ရပ်/ကျေးအဆင့် ပြည်သူ့လုံခြုံရေးအဖွဲ့ကို အမည်ခံဖွဲ့စည်းခိုင်းခြင်း ဖြစ်သည်ဟု စစ်အာဏာရှင်၏ လုပ်ရပ်ကို မကြိုက်သည့် စစ်မှုထမ်းဟောင်းအချို့က ဆိုသည်။